
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ စစ်အာဏာရှင်တပ်လှည့်ကင်းကနေ အကြောင်းအမျိုးမျိုးပြပြီး ပေါ်တာဆွဲ ဖမ်းဆီးခဲ့တဲ့ လူငယ် ၅၀ ကျော်ကို ပြန်ရွေးဖို့ တယောက်ကို ငွေကျပ် သိန်း ၁၂၀ အထိ တောင်းယူခဲ့ပြီးတဲ့နောက် ပြန်မလွှတ်ပေးဘဲ မုံရွာမြို့က လေ့ကျင့်ရေးတပ်ကို ပို့ဆောင်လိုက်တယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ဇွန်လအတွင်းက ရွှေဘိုမြို့ပေါ်ရှိ ဈေးကြီးတောင်ဘက်လမ်း၊ နန်းတော်အနောက်ဘက်လမ်း၊ ရေဦးလမ်း၊ လမ်းမတော်မီးပွိုင့်၊ ရန်ကြီးအောင်လမ်း၊ စက်မှုဇုန်လမ်း၊ ကားကြီးဝင်းရှေ့လမ်း၊ ဟုတ်စိန်ကွေ့၊ ဆုတောင်းပြည့်ဘုရားကွေ့နဲ့ ရွှေဓားကျောင်းရှေ့လမ်း စတဲ့ နေရာတွေမှာ စစ်တပ်က လမ်းသွားလမ်းလာတွေကို ထောက်ခံစာ၊ မှတ်ပုံတင်၊ ယာဉ်လိုင်စင်နဲ့ လူလိုင်စင် စစ်ဆေးမယ်ဆိုပြီး အကြောင်းပြ ဖမ်းဆီးခဲ့တာပါ။
အဲဒီလို ဖမ်းဆီးခံရသူတွေထဲမှာ တည်ပင်ကျေးရွာက အသက် ၂၅ နှစ်အရွယ် ကိုလပြည့်၊ ဆိပ်ခွန်ကျေးရွာက အသက် ၃၀ ခန့်အရွယ် ကိုဖြိုးဇော်နဲ့ ဗိုလ်တည်းကုန်းရွာက အမျိုးသားတယောက် အပါအဝင် အလုပ်သွား၊ အလုပ်ပြန်နဲ့ ခရီးသွားလူငယ် ၅၀ ကျော် ပါဝင်ခဲ့ပါတယ်။
ဖမ်းဆီးခံရသူတွေကို တယောက် ငွေကျပ် သိန်း ၁၂၀ အထိ တောင်းခံခဲ့ပြီး ငွေပေးရပေမဲ့လည်း ပြန်မလွှတ်ပေးဘဲ ရွှေဘိုလေ့ကျင့်ရေးတပ်ကနေတဆင့် မုံရွာမြို့ လေ့ကျင့်ရေးတပ်ဆီကို ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေရဲ့ မိသားစုနဲ့ နီးစပ်သူတယောက်က “ကိုလပြည့်ဟာ လက်ရက်ကန်းစင် လာပြင်ပေးပြီး အပြန်မှာ အဖမ်းခံရတာဖြစ်သလို မန္တလေးကနေ မှတ်ပုံတင်လာလုပ်တဲ့ ကိုဖြိုးဇော်ဟာလည်း ရုံးရှေ့မှာ ခဏစောင့်နေတုန်း လှည့်ကင်းနဲ့တိုးပြီး အဖမ်းခံခဲ့ရတာ” လို့ ပြောပါတယ်။
ဖမ်းဆီးပြီး ၃ ရက်လောက်အထိ တွေ့ခွင့်မပေးဘဲ ငွေကျပ် သိန်း ၂၀ ပေးမှသာ တွေ့ခွင့်ရခဲ့ပြီး တပတ်ခန့်အကြာမှာတော့ ထပ်မံတွေ့ခွင့်မပေးတော့ဘဲ နောက်ထပ် ငွေကျပ် သိန်း ၁၀၀ ကို ထပ်တောင်းခဲ့တယ်လို့ ဆိုပါတယ်။
မိသားစုဝင်တွေဘက်က ငွေမတတ်နိုင်တဲ့အတွက် ပြန်မလွှတ်ပေးရင် အရင်ပေးထားတဲ့ သိန်း ၂၀ ကို ပြန်ပေးဖို့ တောင်းဆိုခဲ့ရာမှာတော့ စစ်တပ်ဘက်က “လကုန်ရင် သူ့လစာ လာထုတ်မလား၊ ခင်ဗျားတို့ပါ တပ်ထဲနေမလား” ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် တပတ်လောက်အကြာမှာ ဖုန်းအဆက်အသွယ်ရခဲ့ပြီး မုံရွာတပ်ထဲမှာ ၃ ရက်နေခဲ့ရကာ လက်ရှိမှာ တောင်ကြီးက လေ့ကျင့်ရေးတပ်ကို ရောက်နေပြီလို့ ပြောဆိုပြီးနောက် ဖုန်းချသွားခဲ့ကြောင်းနဲ့ ဒီလအတွင်းမှာတော့ အဆက်အသွယ် လုံးဝပြတ်တောက်သွားခဲ့ပြီလို့ သိရပါတယ်။
ရွှေဘိုမြို့မှာ အာဏာသိမ်းစစ်တပ်က မြို့အဝင်အထွက်နဲ့ မြို့တွင်း လုံခြုံရေး တင်းကျပ်ထားပြီး လှည့်ကင်းတွေနဲ့ နေ့ည လှည့်လည်ကာ လူငယ်တွေကို နေ့စဉ်နီးပါး ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဇွန်လတလတည်းမှာတင် လူငယ် ၇၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက ငွေကြေးတတ်နိုင်သူ ၂၀ လောက်သာ နေ့ချင်းပြီး ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။
ငွေမပေးနိုင်သူတွေကိုတော့ လေ့ကျင့်ရေးတပ်တွေကို ပို့ဆောင်လိုက်တဲ့အတွက် မိသားစုတွေနဲ့ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ မြို့ခံတွေကတဆင့် သိရပါတယ်။










