
မြန်မာစစ်အာဏာရှင်တပ်နဲ့ ဆက်နွှယ်နေတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်ရဲ့သမီးကို အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုတွေကနေ အမေရိကန်အစိုးရက ပယ်ဖျက်ပေးလိုက်တာက အပေးအယူတွေ အတွက်ကို လိုက်လျော လုပ်ဆောင်ပေးတာမျိုးတွေဖြစ်နိုင်တယ်လို့ မြန်မာ့အရေး လေ့လာသူတွေရဲ့ သုံးသပ်မှု တွေ ရှိနေပါတယ်။
မြန်မာစစ်တပ်နဲ့ဆက်နွှယ်နေတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်ရဲ့သမီး ဒေါ်သိမ့်ဝင်းထက် ကို အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကနေ ပယ်ဖျက်ပေးလိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ အောက်တိုဘာ ၉ ရက်က ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။
စစ်အာဏာရှင်အတွက် လေယာဉ်ဆီတင်သွင်းတယ်ဆိုတဲ့စွဲချက်နဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်နဲ့ မိသားစုဝင်တွေကို သမ္မတဘိုင်ဒန်အစိုးရလက်ထက် ၂၀၂၄ ခုနှစ်မှာ အရေးယူ ဒဏ်ခတ်ပိတ်ဆို့ ထားတာဖြစ်ပါတယ်။
သမ္မတထရမ့်ပ်အစိုးရက မြန်မာစစ်အာဏာရှင်နဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေစတင်ခဲ့တယ်လို့ ရိုက်တာ သတင်းက ဖော်ပြပြီး နောက်တရက်မှာ ဒေါ်သိမ့်ဝင်းထက်ကို အရေးယူပိတ်ဆို့ထားတဲ့ စာရင်းကနေ ပယ်ဖျက်ကြောင်း သတင်းထပ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်-မြန်မာ ဆက်စပ်သတင်းတွေ ဆက်တိုက်ထွက်ပေါ်လာတာဖြစ်ပေမဲ့ တိုက်ရိုက် သက်ဆိုင်မှု ရှိ မရှိကိုတော့ ရှင်းရှင်းလင်းလင်း အတည်မပြုနိုင်သေးဘူးလို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
စက်တင်ဘာ ၁၆ ရက်မှာ အမေရိကန်နိုင်ငံသား အဒမ်ကတ်စတီလိုကို စစ်အာဏာရှင်က ပြန်လွှတ် ပေးခဲ့တာ၊ အဲ့ဒီခရီးစဉ်မှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထောက်လှမ်းရေးနဲ့ သုတေသနဆိုင်ရာ လက်ထောက်ဝန်ကြီး မိုက်ကယ်ဗန့်စ်နဲ့ စစ်ခေါင်းဆောင်တို့ ဆွေးနွေးမှုရှိခဲ့တာ၊ စက်တင်ဘာ ၁၆ ရက်မှာပဲ အမေရိကန်အစိုးရက ၂၀၂၇ ခုနှစ်အတွက် မူးယစ်ဆေးဝါးဆိုင်ရာ အစီရင်ခံစာကိုထုတ်ပြန်ခဲ့ပြီး အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယား၊ မြန်မာနဲ့ ကိုလံဘီယာနိုင်ငံတို့ကို အမည်ပျက်စာရင်းသွင်းကြောင်း ဖော်ပြခဲ့တာ၊ စက်တင်ဘာ ၂၈ ရက်နေ့မှာ မြန်မာအပါအဝင် ကမ္ဘာတဝန်း အကျပ်အတည်းဖြစ်နေတဲ့ နေရာ ၁၆ ခုကို ကျန်းမာရေးနဲ့ လူသားစာနာ အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၂ ဘီလီယံနီးပါး ထောက်ပံ့သွားမယ်လို့ အမေရိကန်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့တာ၊ အခုအောက်တိုဘာ ၉ ရက်နေ့မှာ ဒေါ်သိမ့်ဝင်းထက်ကို အရေးယူပိတ်ဆို့ထားတဲ့ စာရင်းကနေ ပယ်ဖျက်ကြောင်း သတင်းထုတ်ပြန်တာ စတဲ့ အမေရိကန်အစိုးရရဲ့ မြန်မာပြည်နဲ့ဆက်စပ်တဲ့ ခြေလှမ်းဖြစ်စဉ်တွေ အချိန်တိုအတွင်းမှာ ဆက်တိုက်ဖြစ်ပေါ်ခဲ့တာပါ။
မြန်မာ့ဒီမိုကရေစီအရေးမဟာမိတ်များအဖွဲ့မှ ခင်သီရိနန္ဒာစိုးက “ပိတ်ဆို့အရေးယူမှုတွေကို အမြဲတမ်း အပြစ်ပေးတဲ့နည်းလမ်းတခုအဖြစ်နဲ့ နိုင်ငံရေးသိပ္ပံရေးသိပ္ပံမှာဆိုရင် မရှုမြင်ကြဘဲနဲ့ ရန်ပုံငွေလမ်းကြောင်းတွေကိုဖြတ်တောက်ဖို့ ဒါမှမဟုတ် ကျူးလွန်နေတဲ့အပြုအမူတွေ တခုခုကို ရပ်တန့်သွားစေဖို့၊ ပိုကောင်းတဲ့ဘက်ကို ပြောင်းလဲလာဖို့ဆိုတာ ရည်ရွယ်တဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ လက်တွေ့ကျတဲ့ကိရိယာတခုလိုမျိုးဘဲ ရှုမြင်ကြတယ်ပေါ့နော်၊ သမ္မတဒေါ်နယ်ထရမ့်ပ်ဦးဆောင်တဲ့ အမေရိကန်အစိုးရက မြန်မာစစ်ကောင်စီနဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေ စတင်နေပြီဆိုတဲ့ သတင်းတွေနဲ့ အချိန်ကိုက်ထွက်ပေါ်လာတာဖြစ်တယ်၊ စစ်အုပ်စုကို အထီးကျန်အောင်လုပ်တဲ့ကိစ္စတွေကို သူတို့က စိတ်ကူယဉ်ဝါဒ Idealism ဆိုတဲ့ သဘောမျိုးကနေပြီးတော့မှ လက်တွေ့ပကတိဝါဒ ရှင်းရှင်းပြောရင်တော့ ကိုယ့်အကျိုး ကိုယ်ကြည့်တဲ့ဝါဒပေါ့နော်၊ ဒီဝါဒကိုကူးပြောင်းလာတာကို ပီပီပြင်ပြင်ကို ပြသနေတာ ဖြစ်တယ်ပေါ့လေ၊ ခရိုနီမိသားစုဝင်တချို့ကို ဒီစာရင်းကနေပယ်ဖျက်ပေးခြင်းက နောက်ကွယ်မှာ သံတမန်ရေးရာဆွေးနွေးမှုတွေ၊ အမေရိကန်ဘက်ကနေပြီးတော့မှ အပေးအယူတွေအတွက်ကို လိုက်လျောပေးတာ၊ လုပ်ဆောင်ပေးတာမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်”လို့ ပြောပါတယ်။
စစ်အာဏာရှင်အတွက် စစ်လက်နက်ပစ္စည်း တင်သွင်းသူ စီးပွားရေးလုပ်ငန်းရှင် ဦးစစ်တိုင်းအောင်နဲ့ KT Group တည်ထောင်သူ ဂျော်နသန်မျိုးကျော်သောင်းတို့အပေါ် ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုလည်း ထရမ့်ပ်အစိုးရက ၂၀၂၅ ခုနှစ် ဇူလိုင် ၂၄ ရက်မှာ ဖယ်ရှား ပေးခဲ့ပါတယ်။
သူတို့ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေကနေ လွတ်မြောက်အောင် ကူညီပေးခဲ့တဲ့ ဝါရှင်တန်အခြေစိုက် ပိတ်ဆို့အရေးယူမှုဆိုင်ရာကျွမ်းကျင်သူရှေ့နေ အဲရစ်ဖာရာရီကပဲ ဒေါ်သိမ့်ဝင်းထက်အတွက် ထပ်မံ အမှုလိုက်ပေးခဲ့တာဖြစ်ပါတယ်။
ဒေါ်သိမ့်ဝင်းထက်ဟာ သူ့ကိုအရေးယူပိတ်ဆို့မှုလုပ်ခဲ့တဲ့ သမ္မတဘိုင်ဒန်အစိုးရကို တရားပြန်စွဲခဲ့ပြီး အဲ့ဒီအမှုကို ၂၀၂၅ ဖေဖော်ဝါရီလမှာ တရားရုံးက ပလပ်ခဲ့ပါတယ်။ ပလပ်ထားတဲ့အမှုကို အနိုင်ရအောင် ထရမ့်ပ်အစိုးရလက်ထက်မှာ ပြန်ကြိုးစားခဲ့ပြီး အရေးယူပိတ်ဆို့ထားတာတွေကို ပယ်ဖျက်အောင် ဒေါ်သိမ့်ဝင်းထက်က ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။
လော့စ်အိန်ဂျယ်လိစ် မြန်မာ လှုပ်ရှားမှုအဖွဲ့မှ ဂျိမ်းစ်ရွှေက “သိမ့်ဝင်းထက်ပေါ့နော်၊ သူ့ကို ဆန်ရှင်ဖြုတ်ပေးတဲ့ကိစ္စက၊ အဲ့ဒါလုပ်ပေးတဲ့ အဲရစ်ဖာရာရီက မနှစ်တုန်းက ဂျော်နသန်မျိုးကျော်သောင်းတို့ စစ်တိုင်းအောင်တို့ သူတို့ကို လုပ်ပေးတဲ့သူပဲ၊ အဲ့ဒီကတည်းက တခါတည်းငှားထားတာ၊ နားလည်တဲ့သူတွေကို ကျနော် မေးစမ်းကြည့်တော့ DCI တို့ဘာတို့ လော်ဘီတွေက သူတို့က နောက်ကွယ်ကနေပြီးတော့ တိုးတိုးတိတ်တိတ်လုပ်ချင်တာ၊ သူတို့ဖြစ်စေချင်တာက မင်းအောင်လှိုင်က ဒီမိုကရေစီဘက်ကိုသွားနေပြီ၊ သူတို့ မြန်မာပြည်မှာ အခြေအနေတွေပိုကောင်းအောင်လုပ်နေပါပြီ၊ အဲ့ဒါကြောင့် သူတို့ကို ဒီဆန်ရှင်တွေဘာတွေ လျှော့ပေးပါဆိုတာမျိုး သူတို့က တောင်းချင်တာ၊ အခုကြတော့ မိုက်ဗန့်စ်တို့ကလည်း လာတွေ့တယ်၊ ပြီးတော့ ဆန်ရှင်လည်းဖြုတ်ပေးလိုက်တယ်ဆိုတော့ တကယ်တမ်းက ဒီဘက်က အစိုးရဘက်အတွက်ကျ သိပ်မကောင်းဘူးဗျ၊ အမြင်မကောင်းဘူးပေါ့၊ သူတို့အဲ့ဒါမျိုးလုပ်လို့ရှိရင် ဒီက ကွန်းဂရက်စ်တို့ဘာတို့က ပိုပြီးတော့ အတိုက်အခံလုပ်မှာပေါ့နော်၊ ပြောရလည်းခက်တယ်ဗျ၊ အခုအစိုးရကကျတော့ သူတို့အတိုက်အခံလုပ်လည်း ငါတို့ဂရုမစိုက်ဘူးဆိုတဲ့ပုံစံမျိုးပေါက်အောင် လုပ်ချင်တာလား၊ ဒါပေမဲ့ ဒီမှာက ထုံးစံကတော့ အဲ့ဒါမျိုးမလုပ်ဘူးပြောတယ်၊ အဲ့ဒီတော့ သိပ်လည်း စိတ်ဓာတ်မကျနဲ့၊ ဘယ်လိုတုံ့ပြန်မလဲ အထိရောက်ဆုံးဖြစ်အောင်၊ အဲ့ဒါကို စဉ်းစားရမှာပေါ့နော်”လို့ ပြောပါတယ်။
လတ်တလောမှာ အမေရိကန်အစိုးရရဲ့ မြန်မာ့အရေးမူဝါဒ အပြောင်းအလဲဖြစ်တန်ခြေဟာ စစ်အာဏာရှင်အတွက် ဘယ်လိုအကျိုးသက်ရောက်မှုရှိလာနိုင်မယ်ဆိုတာ စောင့်ကြည့်ရဦးမဲ့ အခြေအနေသာဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
အမေရိကန်နဲ့ ဆက်ဆံရေးကောင်းလာခဲ့ရင် တဖက်မှာ တရုတ်၊ ရုရှား၊ အိန္ဒိယတို့နဲ့ လိုက်လျော ညီထွေဖြစ်မဲ့ ဘယ်လို သံတမန်ဆက်ဆံရေးပုံစံမျိုး စစ်အာဏာရှင်က ပြင်ဆင်ထားလဲဆိုတာကို လည်း စောင့်ကြည့်ရမှာဖြစ်တယ်လို့ ဆိုကြပါတယ်။
သုတချမ်းသာ











