
ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်နယ်စပ်၊ မူဆယ်မြို့က ရွှေဆိုင်ပိုင်ရှင်ဟာ အပြန်လမ်းမှာ ကားနဲ့ အတိုက် ခံရတဲ့အပြင် ပါလာတဲ့ရွှေတွေ ဓားပြတိုက်ခံရတယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။
မူဆယ်ဈေးကြီးထဲ ရွှေဆိုင်ဖွင့်ထားတဲ့ စိုင်းကွမ်းလှိုင်းဟာ ဇွန် ၈ ရက် ညနေက ဆိုင်သိမ်းပြီး ဆိုင်ကယ်နဲ့ အိမ်ပြန်လာစဉ် မူဆယ်မြို့လယ်ဘုရားကျောင်းအနီး လမ်းကြားထဲမှာ ဓားပြတိုက်ခံရ တာလို့ မူဆယ်ဒေသခံက ပြောပါတယ်။
မူဆယ် ဒေသခံတယောက်က “ကျနော့်အသိ စိုင်းကွမ်းလှိုင်းတို့ လင်မယားပါ။ မူဆယ်တောင် ရပ်ကွက်မှာ နေတယ်၊ အဲဒီနေ့က သူတို့ ဈေးဆိုင်ပိတ်ပြီး ဆိုင်ကယ်နဲ့ ပြန်လာတာ။ လမ်းကြားထဲ ရောက်တော့ မထင်မှတ်ဘဲ အဖြူရောင် ခရောင်းအိမ်စီးကားတစီး ရှေ့ကမောင်းလာတယ်။ ပြီးတော့ သူတို့ဆိုင်ကယ်ကို တမင်တကာ ဝင်တိုက်တယ်။ ဆိုင်ကယ်က အုတ်နံရံမှာ ချောင်ပိတ်ပြီး လဲကျ သွားတော့ ကားထဲက လူ ၄ ယောက် ဆင်းလာတယ်။ တယောက်က သေနတ်နဲ့ ခြိမ်းခြောက်ပြီး ကျန်တဲ့ လူတွေက သူတို့ပါ လာတဲ့အိတ်ကို လုယူတယ်။ ပြီးတော့ ကားပေါ်တက်ပြီး ပြန်ထွက် ပြေးသွားကြတယ်” လို့ DVB ကို ပြောပါတယ်။
သူတို့က ရွှေတွေကို အိတ် ၂ လုံးနဲ့ သိမ်းလာတာ၊ အမျိူးသားလက်ထဲက အိတ်ပါသွားတယ်။ အမျိုး သမီး လက်ထဲက အိတ်တော့ ပါမသွားဘူးလို့ ဆိုပါတယ်။
ဘယ်လောက်ဆုံးရှုံးသွားတယ်ဆိုတာတော့ ကာယကံရှင်နဲ့ ဆက်သွယ်မေးမြန်းလို့ မရသေးဘူး။ ရပ်ကွက်ထဲမှာတော့ ခန့်မှန်းခြေ ရွှေထည်လက်ဝတ်လက်စား ၃၀ ကျပ်သားလောက်ပါတယ်ဆိုပြီး ပြောနေကြတယ်လို့ ဆိုပါတယ်။
အဲဒီနောက် ဓားပြတွေစီးလာတဲ့ကားကို မူဆယ်စက်မှုဇုန် လမ်းဘေးတနေရာမှာ စက်မသပ်ဘဲ လာရပ် ထားတာ တွေ့ရတယ်၊ သူတို့တွေကို ဆိုင်ကယ်နဲ့ လာကြိုသွားတာကိုလည်း စီစီကင်မရာ ကနေ တွေ့ရတယ်လို့ ဒေသခံက ပြောပါတယ်။
မူဆယ်မြို့မှာ အခုလို လုယက်မှု၊ ဓားပြတိုက်မှု၊ လူသတ်မှုနဲ့ ခိုးမှုတွေ မကြာခဏဖြစ်လေ့ရှိပေမဲ့ လူဆိုးသူခိုးတွေကို ဖမ်းဆီးရမိတာ သိပ်မရှိဘူး။ မူဆယ်မှာ ရဲစခန်း၊ စစ်တပ်၊ ပြည်သူ့စစ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုစုပေါင်း လက်နက်ကိုင်အဖွဲ့ ၁၀ ကျော်လောက် ရှိပေမဲ့ တရားဥပဒေမစိုးမိုးဘူး၊ ပြည်သူတွေရဲ့ ဘဝက လုံခြုံနွေးထွေးမှုမရှိဘူး၊ အမြဲတမ်း အထိတ်တလန့်နဲ့ နေနေရတယ်လို့ ဒေသခံက ပြောပါတယ်။










