
၂၀၂၆ ခုနှစ်ရဲ့ ပထမ ၃ လအတွင်းမှာ စစ်အာဏာရှင်တပ်ကြောင့် အမျိုးသား ၂၇၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဧပြီ ၉ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီထဲက ၁၅၆ ယောက်ကို AAPP က နာမည်နဲ့တကွ အတည်ပြုထားနိုင်ပေမဲ့ ၁၂၃ ယောက်ကတော့ အတည်ပြုဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။
အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် ယောကျ်ားလေး ၃၄ ယောက် ပါဝင်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရသူက ၁၁၁ ယောက်နဲ့ အများဆုံး ဖြစ်ပါတယ်။
ဒေသအလိုက် သေဆုံးမှုမှာ စစ်ကိုင်းတိုင်းက အယောက် ၄၀၊ ပဲခူးတိုင်းက ၃၁ ယောက်နဲ့ အများဆုံးပါ။
မတ် ၂၆ ရက်က မလှိုင်မြို့နယ်၊ ညောင်ကုန်းရွာကို စစ်အုပ်စုက စက်တပ်လေထီး (Paramotor) နဲ့ ဗုံးကြဲလို့ ပြည်သူ ၄ ယောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ပါဝင်ပါတယ်။
ဒါ့အပြင် အဲဒီသုံးလအတွင်း နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်ပြီး ရန်ကုန်က ၆ ယောက် အပါအဝင် အမျိုးသား ၁၄ ယောက်လည်း ဖမ်းဆီးခံခဲ့ရပါတယ်။
အာဏာသိမ်းချိန်ကနေ ၂၀၂၆ ခုနှစ် ဧပြီ ၉ ရက်နေ့အထိ စစ်အုပ်စုကြောင့် သေဆုံးသူ စုစုပေါင်း ၇,၉၆၇ ယောက် ရှိပြီဖြစ်ပါတယ်။
အာဏာသိမ်းမှုကို ဆန့်ကျင်လို့ ဖမ်းဆီးခံရသူ စုစုပေါင်း ၃၀,၈၅၄ ယောက်ရှိပြီး အဲဒီအထဲက ၁၄,၃၁၉ ယောက်ကတော့ အခုထိ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။










