
စစ်အုပ်စုက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ခဲ့ပြီး ၂၀၂၆ နှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့အထိ အပိုင်းလိုက် ကျင်းပရန် စီစဉ်ထားသော ၎င်းတို့၏ရွေးကောက်ပွဲများကို ဝေဖန်ခြင်းအား ပြစ်မှုမြောက်ကြောင်း သတ်မှတ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေး ဥပဒေသစ်ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်တွင် ပြဋ္ဌာန်းခဲ့ပါတယ်။ ဤဥပဒေတွင် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ သေဒဏ်အထိ ပြင်းထန်သော ပြစ်ဒဏ်များ ပါဝင်သည်။
ယနေ့အထိ ထိုမတရားဥပဒေဖြင့် အရေးယူခံရသူပေါင်း ၃၃၆ ဦးအထိ ရှိလာနေပြီး ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းခေါင်းစဉ်ဖြင့် အရေးယူခံရသူပေါင်း ၂၉၀ ဦးနှင့် လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားဖြန့်ဝေ နှောင့်ယှက်ခြင်းခေါင်းစဉ်ဖြင့် အရေးယူခံရသူပေါင်း ၄၆ ဦးတို့ ရှိပါတယ်။ ထိုထဲတွင် အမှုဖွင့်ခံရသူပေါင်း ၂၆၇ ဦး နှင့် ဖမ်းဆီးခံသူပေါင်း ၆၉ ဦး ရှိပြီး ဖမ်းဆီးခံရသူများထဲတွင် အသက် ၁၄ နှစ်အရွယ်အပါအဝင် အသက် ၁၈ နှစ်အောက် ၈ ဦးအထိ ပါဝင်ပါတယ်။
ဖမ်းဆီးခံရသူများထဲတွင် ထောင်ဒဏ်အမိန့်ချမှတ်ခံရသူ ၉ ဦး ရှိလာနေပြီး ထိုထဲတွင် အမြင့်ဆုံးထောင်ဒဏ် ၄၉ နှစ်ကျမှတ်ခံထားရသူ ၂ ဦးမှာ အသက် ၂၃ နှစ်နှင့် ၂၄ နှစ် အရွယ် အမျိုးသားများဖြစ်ကြပြီး ထောင်ဒဏ် ၄၇ နှစ် ကျမှတ်ခံရသူ ၁ ဦးမှာ အသက် ၁၉နှစ်အရွယ် အမျိုးသမီးဖြစ်ပါတယ်။ ၎င်းတို့သုံးဦးကို ရန်ကုန်မြို့ လှိုင်သာယာအရှေ့ပိုင်းနှင့် အနောက်ပိုင်း မြို့နယ်များတွင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးစာတန်းပါ ပိုစတာများ လိုက်ကပ်ခဲ့သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးအရေးယူထောင်ချခဲ့တာ ဖြစ်ပါတယ်။











