DVB Logo
Home
ဆောင်းပါး
ရှင်းမပြနဲ့ ခင်းပြတာကို ပိုနှစ်သက်တယ်
DVB
·
March 26, 2026
Design: DVB
Design: DVB
Donate to DVB

မိခင်နို့ရည်အကြောင်း ရေးဖွဲ့တဲ့ ဝတ္ထု ကဗျာတချို့ကိုဖတ်မိရင် ဗြိတိသျှစာရေးဆရာကြီး “ဆမ်းမားဆက်မွန်” ကို ကျနော် အမြဲသတိရနေမိပါတယ်။ သူက မိခင်တဦး ရထားစီးလာရင်း ကလေးနို့တိုက်ဖို့အချိန်မှာ မခံမရပ်နိုင်လောက်အောင် ရင်သားတွေ နို့ရည်တောင့်တင်းလာလို့ နို့ရည်ကိုညှစ်ဖို့ ပြင်ဆင်တဲ့အခါ ဘေးမှာရှိတဲ့ ဆာလောင်ငတ်ပြတ်နေသူ လူတယောက်ကို နို့တိုက်ပြီး အကူအညီပေးတဲ့အကြောင်း ဝတ္ထုတပုဒ်ရေးခဲ့ဖူးတာ။ ဒီဝတ္ထုမှာ ဆမ်းမားဆက်မွန်က နို့စို့အရွယ်ကလေးနဲ့ခွဲပြီး လုပ်ငန်းခွင်ဝင်ရတဲ့ မိခင်တဦးရဲ့ ဆင်းရဲကျပ်တည်းမှုအခြေအနေနဲ့ ရထားပေါ်က လူဆင်းရဲတဦးရဲ့ အခြေအနေကို ပြကွက်တခုတည်းနဲ့ ပြလိုက်တဲ့သဘောပါ။ တချို့ ဝေဖန်ရေးဆရာတွေကလည်း ဒီဝတ္ထုဟာ လူမှုဒုက္ခအခြေအနေတခုကို ထင်ဟပ်ဖို့ ကြိုးစားတဲ့ ဝတ္ထုတပုဒ်အဖြစ် သတ်မှတ်ကြတာလည်း ရှိပါတယ်။

ဒီအဝတ္ထုနဲ့ အကြောင်းအရာချင်း ခတ်ဆင်ဆင်တူတဲ့ မြန်မာကဗျာနှစ်ပုဒ် ရှိပါတယ်။ မောင်လင်းယုန် (ရှမ်းပြည်) ရဲ့ “နို့သက်လေသောအခါ” ကဗျာနဲ့ မောင်လှဝင်း (မြင်းခြံ)ရဲ့ “နို့ရည်အခိုးခံရတဲ့ ည” ပဲဖြစ်ပါတယ်။ သာမာန်အားဖြင့်ပြောရရင်တော့ ဒီကဗျာနှစ်ပုဒ်စလုံးဟာ မိခင်နို့ရည်ကိုအကြောင်းပြုပြီး ‌ကဗျာရေးဖွဲ့ကြတာချည်းပဲဖြစ်ပေမဲ့ တင်ပြပုံမတူတဲ့အတွက် ကဗျာဖတ်သူကို ခံစားမှု အလေးအပေါ့ ကွာဟသွားစေတာတွေ့ရပါတယ်။ ပထမ မောင်လင်းယုန် (ရှမ်းပြည်) ရဲ့ကဗျာကို ဖတ်ကြည့်ပါ။

နို့သက်လေသောအခါ

အင်္ဂတေဒယ်

ခေါင်းထက်သယ်သော

ငယ်ရွယ်ညှိုးလျ အလုပ်သမ။

ငြမ်းတက်ငြမ်းဆင်း အင်္ကျီတွင်းမှ

တင်းရင်းလှစွာ ရင်နှစ်မြွှာသည်

လှုပ်ကာယမ်းကာ လှိုင်းပမာသို့။

ရင်သားလှုပ်တိုင်း မျက်ရည်ဝိုင်း၍

မဆိုင်းခဏ ပြန်လိုလှလည်း

ငွေစနေ့တွက် ယင်းအတွက်ကြောင့်

မသက်မသာ ကြိတ်မှိတ်ကာလျင်

သူ့မှာစုတ်သပ် အနေကျပ်လျက်

လက်နှင့်အလုပ် မပြတ်ဝံ့။

နေ့လယ်နားရန် သံချောင်းသံကို

ကြားပြန်သောခါ ဆာပင်ဆာလည်း

သူ့မှာထမင်း မမျိုနိုင်သေး။

အင်္ကျီအောက်မှ မို့မောက်လှစွာ

ရင်နှစ်မြွှာက နာကျင်လှပေပြီ။

နို့ရည်ပြွန်ဝ နို့သီးကလည်း

ကိုက်ခဲလှချေပြီ။

အိမ်တွင်ထားရစ် သူ့ရင်နှစ်မှာ

နို့ဆာငတ်၍ နေတော့မည်။

မတတ်သာ၍

အိမ်မှာထားရစ် သည်အဖြစ်ကို

သားချစ် သူ့မှာ မသိရှာ။

နို့ဆာလာလျင် သားရွှေစင်သည်

ရင်တွင်လှပ်လှပ် နို့ဆာတတ်ကြောင်း

ကောင်းကောင်းမိခင် သိသော်လည်း။

ရှက်ဖို့အရေး သူမတွေးတော့

တိုက်ဘေးအုတ်ပုံ နေရိပ်လှုံ၍

နို့အုံနယ်ဆုပ် သူညှစ်ထုတ်ပြီး

ချဉ်စုတ်နို့ရည် ချောင်းစီးသည်သို့

မျက်ရည်ရောယှက် မြေသို့သက်သည်

သားတွက် နို့ရည်များပါတကား။

နောက်ထပ်ပြီး မောင်လှဝင်း (မြင်းခြံ)ရဲ့ကဗျာကို ဖတ်ကြည့်စေချင်ပါသေးတယ်။

 

နို့ရည်အခိုးခံရတဲ့ ည

“ရင်သွေးရဲ့ အာဟာရ

ချိုမြနို့ရည်သာ အကောင်းဆုံးပါ”

ကြေညာနေတဲ့အခိုက် …

ကလေးအမေရဲ့ အာဟာရ

အခိုးခံရတဲ့ကာလ

မထွက်နို့နဲ့

“ စို့လေ…

  စို့လေ…”

အမေနို့တိုက်

မျက်ရည်ပြိုက်ပြိုက်

ခေါင်းငိုက်စိုက်။

“နို့သက်လေသောအခါ” ကဗျာနဲ့ “နို့ရည်အခိုးခံရတဲ့ ည” ကဗျာနှစ်ပုဒ်မှာ တပုဒ်နဲ့တပုဒ် တထပ်တည်းကျတဲ့ အကြောင်းအရာက မိခင်တို့ရဲ့မေတ္တာနဲ့ ဆင်းရဲနွမ်းပါးလှတဲ့ မိခင်များဖြစ်တယ်ဆိုတဲ့ အချက်နှစ်ချက်ဖြစ်ပါတယ်။ ဒါပေမဲ့ တင်ပြပုံနည်းစနစ်က တပုဒ်နဲ့တပုဒ် တော်တော့်ကိုကွာတယ်။ မောင်လင်းယုန် (ရှမ်းပြည်) က ဆင်းရဲလှတဲ့ သားသယ်အမေ မိခင်အကြောင်းကို စာကြောင်းရေအားဖြင့် ၁၄ ကြောင်း၊ ပိုဒ်ရေအားဖြင့် ၄ ပိုဒ်အထိ ရေးဖွဲ့ထားပြီး မောင်လှဝင်း (မြင်းခြံ) ကတော့ “ကလေးအမေရဲ့ အာဟာရ အခိုးခံရတဲ့ကာလ” ဆိုတဲ့ စာကြောင်းနှစ်ကြောင်းတည်းနဲ့ ဆင်းရဲနွမ်းပါးလှတဲ့ မိခင်တဦးရဲ့အဖြစ်ကို ပေါ်အောင်ရေးပါတယ်။ ပြီးတော့မှ “မထွက်နို့နဲ့ စို့လေ စို့လေ” ဆိုတဲ့စာကြောင်းနဲ့ ဖြည့်ပေးလိုက်ပါတယ်။

ကဗျာဆိုတာ နည်းနည်းနဲ့ ကြဲကြဲဝိုင်းရတဲ့သဘော ရှိပါတယ်။ ကျစ်လေ သစ်လေ ဆိုတဲ့ ဆောင်ပုဒ်နဲ့ ညီရပါတယ်။ မောင်လင်းယုန် (ရှမ်းပြည်) ရဲ့ “နို့သက်လေသောအခါ” ကဗျာမှာ ဆင်းရဲတဲ့ မိခင်တဦးဖြစ်ကြောင်း ထပ်ကာတလဲလဲ ရေးပြခြင်းအားဖြင့် ကဗျာဖွဲ့စည်းပုံ ပွယောင်းသွားရပါတယ်။ ဘာ့ကြောင့် ဆင်းရဲရတယ်ဆိုတဲ့ အဖြေကို တွေးချင်လာအောင် လမ်းစလည်း ချမပေးနိုင်ပါဘူး။ ဒါကြောင့် ကံအကျိုးပေးမကောင်းလို့ ဆင်းရဲရတာဖြစ်တယ်ဆို အဖြေရသွားစေနိုင်ပါတယ်။  

မောင်လှဝင်း (မြင်းခြံ) ရဲ့ “နို့ရည်အခိုးခံရတဲ့ ည“ ကဗျာကျတော့ စာကြောင်းရေ ၁၂ ကြောင်းတည်းနဲ့ ကဗျာဖတ်သူကို ခံစားမှုမြင့်အောင် ဆွံခေါ်မြှင့်တင်ပေးနိုင်တာ တွေ့ရပါတယ်။ ဘာ့ကြောင့် ဆင်းရဲရတယ်ဆိုတဲ့အဖြေကို ဘေးချော်မတွေးမိအောင် “ကလေးအမေရဲ့အာဟာရ အခိုးခံရတဲ့ကာလ” ဆိုပြီး လက်ညှိုးထိုးဖွဲ့ပြတာကို တွေ့ရပါတယ်။ ဒီနေရာမှာ တပုဒ်လုံးခြုံကြည့်ရင် ရှင်းမပြဘဲ ခင်းပြတဲ့သဘောမို့ မောင်လင်းယုန် (ရှမ်းပြည်) ရဲ့ “နို့သက်လေသောအခါ” ကဗျာထက် မောင်လှဝင်း (မြင်းခြံ) ရဲ့ “နို့ရည်အခိုးခံရတဲ့ ကာလ” ကဗျာက ပိုပြီး လေးနက်ထိမိတဲ့ကဗျာ ဖြစ်လာခဲ့ပါတယ်။ 

ဒါပါပဲ။ ကဗျာချင်းအတူတူ ကဗျာဖတ်သူကို ခံစားမှုပိုပြီးမြှင့်တင်ပေးနိုင်ဖို့ ကဗျာအတတ်ပညာဟာ အဘယ်မျှ အရေးကြီးလှတယ်ဆိုတာ သက်သေပြလိုက်တဲ့ ကဗျာနှစ်ပုဒ်ပါပဲ။

ငြိမ်းဝေ

ကိုးကား။ ခေတ်ပေါ်မြန်မာကဗျာ။ သူပုန့်နှလုံးသား ကဗျာများ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013