
ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ စစ်အာဏာရှင်ခန့် အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်ရုံးကို ဆင့်ခေါ် မဲနှိုက်တာ မရှိဘဲ စစ်မှုထမ်းဖို့အတွက် မဲစာရင်းပေါက်တယ်ဆိုကာ အကြုံးဝင် လူငယ်တွေရဲ့ မိသားစုဝင်တွေကို ရုံးခေါ်ပြီး ငွေကြေးတောင်းခံတာတွေ လုပ်နေတယ်လို့ ကြုံနေရတဲ့ မိသားစုဝင် တချို့က ပြောပါတယ်။
၂၀၂၄၊ ဖေဖော်ဝါရီမှာ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်ခဲ့ပြီးနောက် စစ်မှုထမ်းဆင့်ခေါ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ထားပေမဲ့ မြေပြင်မှာ ဥပဒေကို အကြောင်းပြကာ စစ်အာဏာရှင်အစိုးရ အာဏာပိုင်တွေက လူကုန်ကူးသလို လုပ်ဆောင်နေတယ်လို့ မိသားစုတချို့က ပြောပါတယ်။
ရန်ကုန်မြို့လယ် ပန်းဘဲတန်းမြို့နယ်မှာ နေထိုင်သူ အမျိုးသမီးတယောက်က “ဘယ်တုန်းက နှိုက်လိုက်လဲ မသိဘူး၊ မဲပေါက်တယ်၊ လာခဲ့ဆိုလို့ သွားတာ။ သိန်း ၈၀ တောင်းတယ်။ အဲဒီကနေ ညှိ လိုက်တာ၊ သိန်း ၃၀ ပဲ ပေးဆိုပြီး ဖြစ်သွားရော။ ကျမတို့လည်း မတတ်နိုင်လို့ ပြောတော့ ဒါဆို လူစားထိုး ကိုယ့်ဘာသာ ရှာလာခဲ့တဲ့။ ဘယ်လိုရှာရမှာလဲ။ ကိုယ်တွေကတောင် မလိုက်ချင်လို့ ဒီလိုဖြစ်နေတာ။ ဘယ်သူ့ကို အတင်းသွားခေါ်ရမှာလဲ၊ သူတို့ပြောတာ နှစ်ခုလုံးအဆင်မပြေရင် အိမ်က ရှိတဲ့သူကို ဖမ်းမယ်လို့ ပြောတယ်” လို့ ပြောပါတယ်။
စစ်မှုထမ်း အပတ်စဉ် ၂၆ က စတင်လို့ တရပ်ကွက်ကို လူ ၅ ယောက်နှုန်းလောက် မဲပေါက်နေပြီး၊ မဲပေါက်တဲ့ လူငယ်တွေဟာ ပြည်ပမှာ သွားရောက် အလုပ်လုပ်ကိုင်နေတာ၊ ပညာသင်နေတာမျိုး ရှိနေရင်လည်း ပြန်လည်ခေါ်ယူထားဖို့ ရပ်ကွက်ရုံးက ပြောတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့မှာနေသူ နောက်တယောက်က အခုက သူတို့လုပ်ချင်ရာ လုပ်နေတာ၊ သူတို့ပြန်မလာရင် အိမ်မှာရှိတဲ့သူကို ခေါ်မယ်တဲ့။ ကလေးတွေက နိုင်ငံခြားမှာ ကျောင်းတတ်နေတာ ၃ နှစ်ရှိနေပြီ။ နောက်ဆုံး လုပ်ရမယ်ဆိုရင်လည်း သူတို့ ထုတ်ထားတဲ့ ဥပဒေတိုင်း သေချာ တိတိကျကျလုပ်လေ၊ မဲနှိုက်တယ်ဆိုလည်း ရပ်ကွက်က လူတွေကို ခေါ်လေ အဲ့ဒီလိုလည်းမရှိဘူး၊ ပြီးတော့ အခုက ရပ်ကွက်ထဲမှာ သူ့လူ ကိုယ့်ဘက်သားလုပ်နေတဲ့ သူတွေကြောင့်လည်း လူငယ်တွေရှိတဲ့ အိမ်တွေက လက်ညှိုး အလွယ်ထိုးခံနေရတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး မတရားပေါ်တာဆွဲတာ၊ ဖမ်းဆီး ငွေညှစ်တာတွေ ရန်ကုန်မှာ တဖြည်းဖြည်း ပိုမိုဆိုးရွာလာလို့ ပြည်ပကို ထွက်ပြေးတိမ်ရှောင်နေရတဲ့ လူငယ်တွေ အများအပြားရှိနေသလို ပြည်တွင်းမှာ ကျန်နေတဲ့ လူငယ်တွေဟာ နေ့စဉ် သတိနဲ့ သွားလာနေရတယ်လို့ လူငယ်တချို့က ပြောပါတယ်။
စစ်မှုထမ်းဥပဒေကို အကြောင်းပြ ငွေညှစ်တောင်းခံနေသူတွေကို ဖမ်းဆီးအရေးယူနေတယ်လို့ စစ်အာဏာရှင် အစိုးရက ပြောထားပေမဲ့ လက်တွေ့မှာ ဖမ်းဆီးနေတဲ့အဖွဲ့တွေဟာ ရန်ကုန်ရဲ့ မြို့နယ်တိုင်းမှာ အများအပြားရှိ နေဆဲဖြစ်နေတယ်လို့ မြို့ခံတချို့က ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က လူသစ်စုဆောင်းတဲ့ စစ်မှုထမ်းအပတ်စဉ်က အခုဆိုရင် အပတ်စဥ် ၂၈ အထိ ရှိလာနေပြီး လူရရှိမှုနည်းလာတာတွေကြောင့် လူသစ်ရဖို့ကို နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်လာနေ တာ ဖြစ်ပါတယ်။











