
ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ မြန်မာလုပ်သားတွေအတွက် ဘယ်သူဘယ်ဝါဖြစ်ကြောင်း အသိအမှတ်ပြုလက်မှတ် (CI) မလိုဘဲ ပန်းရောင်ကတ်၊ အလုပ်လုပ်ခွင့်ပါမစ်တို့နဲ့ နေထိုင်အလုပ်လုပ်ခွင့်ရရေး စုပေါင်းတောင်းဆိုနေကြတဲ့ လှုပ်ရှားမှုမှာ မြန်မာလုပ်သား ထောင်ချီ ပါဝင်လာတယ်လို့ လှုပ်ရှားမှု ဦးဆောင်သူတွေဆီက သိရပါတယ်။
အဲဒီ လှုပ်ရှားမှုကို မြန်မာရွှေ့ပြောင်းလုပ်သားများ ကိုယ်စားပြု ညှိနှိုင်းရေးကော်မတီ (MMWRCCT) အဖွဲ့က ဦးဆောင်ပြီး၊ ဒီကနေ့ အောက်တိုဘာလ ၁၈ ရက်မှာ ဆိုရှယ်မီဒီယာကတဆင့် ထိုင်းရောက် မြန်မာလုပ်သားတွေက အချက် ၄ ချက်ပါ တောင်းဆိုချက် တောင်းဆိုနေတဲ့ပုံတွေ ဆိုရှယ်မီဒီယာမှာ တင်ပြီး လှုံ့ဆော်နေကြတာပါ။
လုပ်သားထု အဓိက တောင်းဆိုတဲ့ အဓိကအချက် ၄ ချက်ကတော့ CI စာအုပ် မဖြစ်မနေ ပြုလုပ်ခြင်းကနေ ကင်းလွတ်ခွင့်ရရေး၊ စီအိုင်နဲ့ ပတ်စ်ပို့ မလိုဘဲ ပန်းရောင်ကတ်နဲ့ Work Permit အသုံးပြုပြီး ထိုင်းမှာ တရားဝင် အလုပ်လုပ်ခွင့်ရရေး၊ ဗီဇာမရှိသေးသူတွေကို သတ်မှတ်ချက်နဲ့အညီ Work Permit သက်တမ်းတိုးခွင့်ပြုရေးနဲ့ Work Permit နဲ့တွဲပြီး ပန်းရောင်ကတ်ကို အခြေခံကာ ဗီဇာ ထုတ်ပေးနိုင်ရေး ဒါမှမဟုတ် တရားဝင် နေထိုင်ခွင့်ရရှိရေးတို့ ဖြစ်ပါတယ်။
MMWRCCT ရဲ့ ယာယီကော်မတီအဖွဲ့ဝင် ကိုနေမျိုးဇင်က “ကျနော်တို့ လုပ်သားတွေ လက်မှတ်ထိုးဖို့ လိုတယ်။ လုပ်သားထုရဲ့ လက်မှတ်ထိုးပြီး စုဆောင်းပေးပါမယ်ဆိုလို့ လုပ်သားထုရဲ့ လိုအပ်ချက်အရ ဖောင်တွေကို ဒီကနေ့ ညကို စတင်ဖြန့်ဝေမှာ ဖြစ်ပါတယ်။ ဖြန့်ဝေပြီးလို့ရှိရင် အမြန်ဆုံး ကောက်ခံပြီး ထိုင်းအလုပ်သမားဝန်ကြီးဌာနနဲ့ လွှတ်တော်အထိကို ဆက်လက်ပြီး တင်သွင်းသွားဖို့ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ ကျနော်တို့ စနစ်တကျ စီစဉ်ဆောင်ရွက်ပြီး ဖြစ်ပါတယ်”လို့ ပြောပါတယ်။
CI အထောက်အထား ပြုလုပ်ခကို တရားဝင် ဘတ် ၂,၆၆၀ သာ သတ်မှတ်ထားပေမဲ့ ပွဲစားခအပါအဝင် လက်တွေ့ကုန်ကျစရိတ်ဟာ ဘတ် ၅,၀၀၀ ကျော်အထိ ရှိနေပါတယ်။
ဒါ့အပြင် CI လုပ်ငန်းစဉ်မှာ စစ်အာဏာရှင် အစိုးရကို ဝင်ငွေခွန် ၂ ရာခိုင်နှုန်းနဲ့ မိသားစုထံ လွှဲပို့ငွေ အထောက်အထားတွေ ပြသရတာကြောင့် အလုပ်သမားတွေအတွက် ငွေကြေး ဝန်ထုပ်ဝန်ပိုးတွေ ရှိနေတယ်လို့ ဆိုပါတယ်။
လှုပ်ရှားမှုမှာ ပါဝင်တဲ့ အလုပ်သမား တယောက်က “CI ကို ဘာဖြစ်လို့ မလုပ်ချင်တာလဲဆိုတော့ CI ကိစ္စနဲ့ ပတ်သက်ပြီး အခု စကစဘက်က ထုတ်ထားတဲ့ အခွန်ကောက်မဲ့ ကိစ္စတွေ၊ ပြီးရင် အလုပ်သမားတွေရဲ့ အချက်အလက် ကောက်ယူတာတွေ၊ ပြီးရင် အဆင့်ဆင့်သွားနေရတာ အလုပ်သမားတွေအတွက် ခက်ခဲတယ်။ ပြီးတော့ သူတို့တောင်းတဲ့ အခွန်က သတ်မှတ်ထားတာထက် ပိုများတာ ရှိသလို မိသားစုဆီ လွှဲရမယ်ဆိုတဲ့ ၂၅ ရာခိုင်နှုန်းကိစ္စ၊ အဲဒါ အကုန်လုံးကို အလုပ်သမားတွေက ဆန့်ကျင်တယ်”လို့ ပြောပါတယ်။
စစ်အာဏာရှင် ဩဇာခံ အလုပ်သမားဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ၂၀၂၆ ဖေဖော်ဝါရီလကနေ ဩဂုတ် ၁၆ ရက်အထိ ထိုင်းမှာ CI စာအုပ်ပေါင်း ၄၂၉,၀၀၀ ကျော် ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ ထိုင်းနိုင်ငံမှာ စမွတ်စခွန်၊ စမွတ်ပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နဲ့ ချွန်ဘူရီ စတဲ့ ခရိုင် ၅ ခုမှာ စီအိုင်ပြုလုပ်ပေးရေးစင်တာ ၅ ခုဖွင့်လှစ်ပြီး ပြုလုပ်ပေးနေပါတယ်။
ထိုင်းနိုင်ငံမှာ နေထိုင် အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား ၄ ဒသမ ၁ သန်း ရှိတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ အောက်တိုဘာ ၁၄ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။
အလုပ်သမားတွေရဲ့ ချွေးနှဲစာ လစာဝင်ငွေ စစ်အာဏာရှင်ထံ မစီးဆင်းစေဖို့ CI စာအုပ် မဖြစ်မနေ ပြုလုပ်ရတဲ့စနစ် ပြောင်းလဲပေးဖို့ တောင်းဆိုမှုတွေကို အလုပ်သမားအရေး လှုပ်ရှားသူတွေက ဆက်လက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။











