
ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့လယ်၊ ဒီဘရော့ကဲရ် ရင်ပြင်မှာရှိတဲ့ အကြီးစား ပြုပြင်မွမ်းမံမှုတွေ လုပ်နေတဲ့ (OXY) အဆောက်အအုံ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဇူလိုင် ၁၄ ရက် မနက်အစောပိုင်းက မီးလောင်ပြီး လူ ၆ ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ဘရပ်ဆဲလ် အလုပ်သမားရေးရာ အစိုးရရှေ့နေရုံးကို ကိုးကားပြီး ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။
မီးဟာ အဆောက်အအုံရဲ့ ဒုတိယထပ်ကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးသတ်သမားတွေက အမြန်ဆုံး ငြှိမ်းသတ်နိုင်ခဲ့ပေမဲ့ မီးခိုးနဲ့ မီးလျှံတွေဟာ ဓာတ်လှေကားအတွင်းတွေဆီ ပျံ့နှံ့သွားခဲ့တာကြောင့် ဓာတ်လှေကား ၂ စင်း ညပ်ပြီး ပိတ်မိသွားခဲ့ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေဟာ ပိတ်မိနေတဲ့ ဓာတ်လှေကား ၂ စင်းထဲက ပထမတစ်စင်းထဲကို စတင်ဝင်ရောက်နိုင်ခဲ့ချိန်မှာတင် စိတ်မကောင်းစရာကောင်းလောက်အောင် သေဆုံးနေတဲ့ လူ ၂ ယောက်၊ ၃ ယောက်လောက်ရဲ့ ရုပ်အလောင်းတွေကို အရင် လှမ်းမြင်ခဲ့ရတယ်လို့ ဘရပ်ဆဲလ် အလုပ်သမားရေးရာ အစိုးရရှေ့နေဖြစ်သူ ဘရက်ရှ် စပိုင်ဘရွတ်ခ်က ပြောပါတယ်။
နောက်ပိုင်းမှာ အဲဒီပထမဓာတ်လှေကားထဲကနေ စုစုပေါင်း သေဆုံးသူ ၆ ယောက်ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ကြောင်း အစိုးရရှေ့နေရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗာလင်တီးနား မာရော့ခ်က အတည်ပြုခဲ့ပါတယ်။
နောက်ထပ် ထိခိုက်သေဆုံးသူတွေ ထပ်ရှိ၊ မရှိ သေချာစေဖို့အတွက် ကျန်ရှိနေတဲ့ ဒုတိယ ဓာတ်လှေကားကိုလည်း ဆက်လက်စစ်ဆေးဖို့ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။
ဒေသခံ မီးသတ်တပ်ဖွဲ့ရဲ့ ပြောကြားချက်အရ မီးလောင်မှုဖြစ်ပွားချိန်မှာ အဲဒီလုပ်ငန်းခွင်ထဲမှာ အလုပ်သမား ၂၀၀ ကျော် ရှိနေခဲ့ပြီး သူတို့ထဲက အများစုကို ဘေးလွတ်ရာကို အမြန်ဆုံး ရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီမီးလောင်မှုကြောင့် လူ ၃ ယောက်ကိုလည်း ဆေးရုံသို့ ပို့ဆောင်ထားရပါတယ်။










