
အာရက္ခတပ်တော်ဟာ စစ်အာဏာရှင်တပ်နဲ့ စစ်ရေးအရ အပြင်းထန်ဆုံး တိုက်ပွဲဝင်နေရတဲ့ အချိန်မှာပဲ နိုင်ငံရေး၊ သံတမန်ရေး တိုက်ခိုက်မှုတွေနဲ့ပါ ရင်ဆိုင်နေကြရတယ်လို့ အာရက္ခတပ်တော် (AA) က မေ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
AA အနေနဲ့ စစ်မြေပြင်မှာ အာဏာရှင်တပ်နဲ့ စစ်ရေးအရ အပြင်းထန်ဆုံး ရင်ဆိုင်တိုက်ပွဲတွေ ဝင်နေရစဉ်မှာပဲ နိုင်ငံတကာဖိအားတွေ သက်ရောက်စေဖို့ အားထုတ်နေကြတဲ့ အစုအဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
အဲဒီလို တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရပေမဲ့ ရခိုင်ပြည်နယ်အတွင်းမှာ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ မြို့ပြရပ်ရွာ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ပြည်သူတွေနဲ့ လက်တွဲပြီး ကြိုးပမ်းအားထုတ် လုပ်ဆောင်နေတယ်လို့ လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
လတ်တလောမှာ အာရက္ခတပ်တော်ဟာ ရခိုင်ပြည်နယ်တခုလုံးနီးပါးကို သိမ်းပိုက် ထိန်းချုပ် ထားပြီဖြစ်ပြီး တမျိုးသားလုံးရဲ့ ရည်မှန်းချက်မှာ ရာနှုန်းပြည့်အောင်မြင်ဖို့ လက်တကမ်းအလိုကို ရောက်ရှိ နေပြီလို့လည်း ပြောထားပါတယ်။
လက်ရှိမှာ အမျိုးသားတော်လှန်ရေးခရီးကြမ်းကို လျှောက်လှမ်းရင်း ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းတွေကို ပိုမိုစနစ်ကျအောင် ဆောင်ရွက်နေပေမဲ့ အရင်အာဏာရှင်တွေရဲ့ ဆိုးမွေတွေအပြင်၊ အာဏာပိုင်တွေနဲ့ပေါင်းပြီး ကိုယ်ကျိုးရှာနေကြတဲ့ စီးပွားရေးသမားတွေကြောင့်လည်း အာရက္ခဒေသ တခုလုံး ဖွံ့ဖြိုးတိုးတက်ရေးမှာ စိန်ခေါ်မှုတွေနဲ့ နေ့တိုင်းကြုံတွေ့နေရတယ်လို့ AA က ဆိုပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ လူနေမှုအဆင့်အတန်း မြင့်မားလာစေဖို့အတွက် မြို့ပြစီမံကိန်းလုပ်ငန်းကော်မတီတွေ ဖွဲ့စည်းပြီး ဆောင်ရွက်မှုတွေကို အားသွန်ခွန်စိုက် လုပ်ဆောင် နေတာကြောင့် ပြည်သူတွေအနေနဲ့ အမျိုးသားရေးစိတ်ကို အခြေခံပြီး တိုင်းပြည်ချစ်စိတ်နဲ့ ပါဝင်ကြ ဖို့ကိုလည်း AA က တိုက်တွန်းထားပါတယ်။
အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင် လာပြီးနောက် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ စစ်မှုထမ်းအရေးတွေကြောင့် ဒေသတွင်း လူပုဂ္ဂိုလ် တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်လာနေရတာ ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကလည်း အာရက္ခတပ်တော် ထိန်းချုပ် နယ်မြေတွေမှာ မွတ်စလင်တွေ၊ မျိုးနွယ်စုဝင်တွေအပေါ် ရာဇဝတ်မှုကျူးလွန်မှုတွေ ရှိနေတယ်လို့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ဗြိတိန်အစိုးရအပါအဝင် နိုင်ငံတကာကနေ အရေးယူမှုတွေ ဆောင်ရွက်ကြဖို့ တောင်းဆိုမှုတွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။










