DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးအဖွဲ့အချင်းချင်း လက်နက်ကိုင်ဖြေရှင်းမှုအပေါ် လူထုစိုးရိမ်မှု မြင့်တက်နေ
DVB
·
April 27, 2026
Photo: DVB
Photo: DVB
Donate to DVB

စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ ပြည်သူလူထုက ဝိုင်းဝန်းထောက်ပံ့ထားတဲ့ လက်နက်ခဲယမ်းတွေကို အသုံးပြုကာ တော်လှန်ရေးအဖွဲအချင်းချင်းကြား လက်နက်ကိုင် ပစ်ခတ် သတ်ဖြတ် ဖြေရှင်းတာတွေ ရှိလာနေတဲ့အပေါ် အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုများအကြား စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်အစပ် မိုးဗြဲဒေသမှာ ဖြစ်ပွားခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ ၂ ဖွဲ့အကြား ပစ်ခတ်မှုကြောင့် မိုးဗြဲ PDF  ခေါင်းဆောင်တယောက်နဲ့ ရဲဘော်တချို့ ကျဆုံးသွားတဲ့အတွက် ပြည်သူတွေရဲ့ စိုးရိမ်မှုတွေ ပိုမိုမြင့်တက်စေခဲ့တာပါ။

မိုးဗြဲနှင့် ပီကင်းကြားတနေရာမှာ တွေ့ဆုံဆွေးနွေးဖို့ သွားရောက်ခဲ့တဲ့ မိုးဗြဲ PDF ခေါင်းဆောင်ကို အသင့်စောင့်ဆိုင်းနေတဲ့ အဖွဲ့တဖွဲ့က ဝိုင်းဝန်းပစ်ခတ်ခဲ့တာကြောင့် ခေါင်းဆောင် အပါအဝင် ရဲဘော်တချို့ ကျဆုံးခဲ့ရတာလို့  နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

မိုးဗြဲရှိ စစ်ရေးသတင်းရင်းမြစ်တခုက “အပစ်ခံရတာက မိုးဗြဲနဲ့ ပီကင်းကြားထဲမှာ ကျသွားတဲ့ ရဲဘော်တွေမှာ ဆေးမှူးရဲမေတွေပါ ပါတယ်။ ရဲဘော် ၇ ယောက်၊ အရပ်သားတယောက် သေတယ်။ မြေပြင်မှာ အခြေအနေ အရမ်းရှုပ်ထွေးနေတော့ ဘာမှကို တိတိကျကျ ပြောလို့မရသေးဘူး။ အခုနောက်ဆုံးကြားတာက တပ်ပိုင်းဆိုင်ရာအချင်းချင်း ညှိနေတယ် ကြားတယ်”လို့ ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မိုးဗြဲ PDF ရဲ့ အခြေစိုက်စခန်းတခုကိုလည်း  ထပ်မံစီးနင်းခဲ့ရာ စခန်းကျသွားတဲ့အပြင် လက်နက်ခဲယမ်းတွေနဲ့ ရန်ပုံငွေတွေကိုပါ သိမ်းဆည်းသွားကြောင်း သိရပါတယ်။ စခန်းစီးနင်းခံရမှုအတွင်း မိုးဗြဲ PDF  ရဲဘော် ၃ ယောက်  ဒဏ်ရာရရှိခဲ့ကာ ဆေးရုံသို့ ပို့ဆောင်ထားရပါတယ်။

ဒီလို ပဋိပက္ခဖြစ်ပွားရတဲ့ အကြောင်းအရင်းကတော့ အသစ်ဖွဲ့စည်းလိုက်တဲ့ စစ်ဒေသအတွင်းရှိ အဖွဲ့အစည်းတွေ ပေါင်းစည်းရေးဆိုင်ရာ သဘောထားကွဲလွဲမှုတွေနဲ့ နယ်မြေစိုးမိုးရေး အငြင်းပွားမှုတွေအပေါ် အခြေခံတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

အထူးသဖြင့် မြေယာရောင်းချမှုကနေရတဲ့ ရန်ပုံငွေခွဲဝေမှုနဲ့ပတ်သက်လို့ နှစ်ဖက်အကြား တင်းမာမှုတွေ ရှိခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

မကျေလည်မှုတွေကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့ အခွင့်အလမ်းတွေ ရှိပေမဲ့ လက်ရှိမှာ အင်အားသုံးဖြေရှင်းတဲ့အထိ ဖြစ်ပွားခဲ့တာပါ။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ် အခြေအနေတွေကို သိရှိနိုင်ဖို့ ဖြစ်စဉ်မှာ ပါဝင်တယ်လို့ဆိုတဲ့ အယ်လ်ဖာ (Alpha) အဖွဲ့နဲ့ မိုးဗြဲ PDF နှစ်ဖွဲ့စလုံးကို DVB က အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ရှိအချိန်အထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

တော်လှန်ရေးအင်အားစုအချင်းချင်းကြား အခုလို လက်နက်ကိုင် အကြမ်းဖက် သတ်ဖြတ်မှုတွေ ဖြစ်ပွားလာတဲ့အပေါ် ပြည်သူလူထုကြား စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

မိုးဗြဲဒေသခံတယောက်က  “ပြည်သူက ထောက်ပံ့တဲ့ ရန်ပုံငွေတွေဟာ စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့အတွက်ပဲ ဖြစ်ရမယ်။ အခုလို အချင်းချင်းကြား အင်အားသုံး ဖြေရှင်းတာမျိုးဟာ လူထုရဲ့ ယုံကြည်မှုကို ထိခိုက်စေတယ်”လို့ ပြောပါတယ်။

ဒီကိစ္စဟာ တရားမျှတမှု ကင်းမဲ့တဲ့ လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်မှုတွေလည်း ရှိနေပြီး၊ အဆိုပါ ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းအရ မဖြေရှင်းနိုင်ဘဲ လက်နက်အားကိုးဖြင့် ဆက်လက် ဆောင်ရွက်နေပါက တခြားတော်လှန်ရေးအဖွဲ့တွေကပါ အလားတူ ပစ်မှတ်ထားခံရနိုင်ရတဲ့ အန္တရာယ်ရှိနေကြောင်း စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013