
ကမ္ဘာ့အခက်အခဲဆုံး စာမေးပွဲတွေထဲက တခုလို့ နာမည်ကြီးတဲ့ အိန္ဒိယနိုင်ငံက ဆေးကျောင်းဝင်ခွင့် စာမေးပွဲမှာ မေးခွန်းပေါက်ကြားခဲ့တဲ့အတွက် ကျောင်းသား ၂ သန်းကျော်ဟာ ဇွန် ၂၁ ရက်က စာမေးပွဲ ပြန်ဖြေခဲ့ရပါတယ်။
စာမေးပွဲစစ်ဆေးတဲ့နေရာတွေမှာ လုံခြုံရေးတွေကို လေဆိပ်မှာ စစ်သလိုမျိုး တင်းတင်းကျပ်ကျပ် စစ်ဆေးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေက အပြင်ဘက်ကနေ စောင့်ကြပ်ခဲ့ပါတယ်။
ကျောင်းသားတယောက်က “ထောင်သောင်းချီတဲ့ ကျောင်းသားတွေဟာ ဒီလောက်ရှည်ကြာတဲ့ ကိစ္စကြီးအပြီးမှာ စိတ်ပိုင်းဆိုင်ရာအရ အတော်လေး ပင်ပန်းနွမ်းနယ်နေကြပါပြီ။ ကျနော်တို့ အကောင်းဆုံး ကြိုးစားနေပေမဲ့ အများစုကတော့ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်ရတဲ့ အခြေအနေ ဖြစ်နေပါတယ်” လို့ ပြောပါတယ်။
အိန္ဒိယနိုင်ငံက ဆေးတက္ကသိုလ်တွေမှာ တက်ရောက်ခွင့်ရဖို့ ဖြေဆိုသူ ၅ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းလောက်သာ အောင်မြင်လေ့ရှိပါတယ်။
အိန္ဒိယပညာရေးဝန်ကြီး ဒါမန်ဒရာ ပရာဒန်က မျှတပြီး ပွင့်လင်းမြင်သာတဲ့ စာမေးပွဲ ဖြစ်စေရမယ်လို့ ကတိပေးထားပါတယ်။
မေးခွန်းပေါက်ကြားမှုကို အစိုးရက စုံစမ်းစစ်ဆေးနေပြီး တယ်လီဂရမ် အက်ပလီကေးရှင်းပေါ်မှာ မေးခွန်းတွေ ရောင်းချနေတယ်ဆိုတဲ့ သတင်းတွေကြောင့် ပြီးခဲ့တဲ့သီတင်းပတ်မှာ အဲဒီအက်ပ်ကိုပါ ယာယီပိတ်ပင်ခဲ့ပါတယ်။
အခုလို ဆေးကျောင်းဝင်ခွင့် အရှုပ်တော်ပုံဟာ အိန္ဒိယနိုင်ငံရဲ့ စာမေးပွဲစစ်ဆေးရေး ယန္တရားအပေါ် ယုံကြည်မှုကျဆင်းစေတဲ့ ဖြစ်စဉ်တွေထဲက တခု ဖြစ်လာပါတယ်။
ဒေါသထွက်နေကြတဲ့ ကျောင်းသားတွေက ဆန္ဒပြမှုတွေ လုပ်ဆောင်နေကြသလို ပညာရေးဝန်ကြီး နုတ်ထွက်ပေးဖို့လည်း တောင်းဆိုနေကြပါတယ်။
Source: Reuters










