
နေပြည်တော်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ မိသားစုနဲ့ ရှေ့နေတို့နဲ့ ဆက်သွယ်ခွင့်ပြုဖို့နဲ့ အာဆီယံနဲ့ ကုလသမဂ္ဂအထူးသံတမန်တွေကို လည်း တွေ့ဆုံခွင့်ပြုဖို့ နော်ဝေနိုင်ငံက တိုက်တွန်းလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တအိမ်မှာ ပြောင်းရွှေ့ချုပ်ထားလိုက်တဲ့ သတင်းကို သိရှိတဲ့ အကြောင်း သူ့အနေနဲ့ မိသားစုနဲ့ ပုံမှန်ဆက်သွယ်ထိတွေ့ခွင့်၊ ရှေ့နေတွေနဲ့ ဆက်သွယ် တွေ့ဆုံခွင့်၊ သင့်တော်တဲ့ ဆေးကုသမှုခံယူခွင့်တို့ ရရှိနိုင်ဖို့ မျှော်လင့်တယ်လို့ ရန်ကုန်မြို့ရှိ နော်ဝေးသံရုံးက မေ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အာဆီယံနဲ့ ကုလသမဂ္ဂ အထူးသံတမန်တွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ခွင့်ပြုဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြားမတရား ဖမ်းဆီးချုပ်နှောင်ခံထားရသူ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့လည်း နော်ဝေနိုင်ငံက ထပ်မံတောင်းဆိုပါတယ်။
အလားတူ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးကလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ချက်ချင်းလွှတ်ပေးဖို့နဲ့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းချက်ဆီကို ရှေးရှုနိုင်ဖို့ နောက်ထပ်လိုအပ်တဲ့ အစီအမံတွေ လုပ်ဆောင်ဖို့ ထပ်လောင်း တိုက်တွန်းတယ်လို့ မေ ၆ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အထူးသဖြင့် အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဒရုန်းတိုက်ခိုက်မှု အပါအဝင် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ လိုအပ်နေသူ အားလုံးထံသို့ အပြည့်အဝ၊ ဘေးကင်းပြီး အတားအဆီး မရှိတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ခွင့်ပြုဖို့ တောင်းဆိုပါတယ်။
ဒီလိုလုပ်မှသာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းပြီး ဒီမိုကရေစီကျတဲ့ အနာဂတ်အတွက် အဓိပ္ပာယ်ရှိပြီး အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးရေး အခင်းအကျင်းတရပ်ကို ဖန်တီးပေးနိုင်မယ်လို့ဆို ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ အမေရိကန်၊ ယူကေ၊ ဂျပန်၊ ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂတို့ကလည်း ထပ်လောင်း တောင်းဆိုထားပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ကိုလည်း ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခွင့်ပြုဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့မိသားစုနဲ့ ဆက်သွယ်ခွင့်ပြုဖို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဌာနကလည်း မေ ၆ ရက်မှာ ထုတ်ပြန် တောင်းဆို ပါတယ်။
ဖိလစ်ပိုင်နိုင်ငံအစိုးရနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး ကျေးဇူးတင် တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ် (ခ) ထိန်လင်းက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ကင်မ်က “ပိုမိုပွင့်လင်းမြင်သာမှုရှိဖို့၊ မိသားစုနဲ့ ဆက်သွယ်ခွင့်ရဖို့၊ အားလုံးပါဝင်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့အတွက် တောင်းဆိုပေးမှုအတွက် အထူးကျေးဇူးတင်ပါတယ်။ ကျနော့် မိခင်ကို ထောင်မှ တခြားနေရာတခုသို့ ရွှေ့တာဟာ လွှတ်ပေးခြင်းမဟုတ်ပါ။ မေမေဟာ ဓားစာ ခံအဖြစ် ဆက်ဖမ်းခံထားရဆဲဖြစ်ပါတယ်။ မတရားဖမ်းဆီးခံထားရသူအားလုံးနဲ့အတူ မေမေ့ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ ကျနော် ဆက်လက်မျှော်လင့်နေပါတယ်”လို့ ပြောပါတယ်။
မိခင်ဖြစ်သူ သက်ရှိထင်ရှားရှိကြောင်း ယုံကြည်စိတ်ချရပြီး လွတ်လပ်စွာ အတည်ပြုနိုင်တဲ့ အထောက်အထား မရရှိမချင်း မရေမရာမှုတွေ ဆက်ပြီး ရှိနေဦးမှာ ဖြစ်ပြီး မြန်မာနိုင်ငံသားတွေနဲ့ အတူ ဆက်လက်ရပ်တည်ပေးတဲ့အတွက် ဖိလစ်ပိုင်အစိုးရကို ကျေးဇူးတင်တယ်လို့ ကင်မ်က ပြောပါတယ်။
ကင်မ်အဲရစ်ဟာ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြာင်း သက်သေပြဖို့ တောင်းဆိုတဲ့ “ Proof of Life” ကမ်းပိန်းလှုပ်ရှားကို ဦးဆောင်ပြုလုပ်နေတာဖြစ်ပြီး ပြည်တွင်းနဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ရောက်နေကြတဲ့ မြန်မာပြည်သူတွေကလည်း ဒီလှုပ်ရှားမှုမှာ ပူးပေါင်း ပါဝင်နေကြ ပါတယ်။










