
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ဘန်ဒါဘန်ခရိုင်၊ နတ်ကျောက်ဆရီမြို့နယ်တွင်း နယ်စပ်လုံခြုံရေး စောင့်ကြည်ဖို့အတွက် နယ်ခြားစောင့် တပ်စခန်းသစ် ၂ ခုကို တိုးချဲတည်ဆောက်ပြီး စက်တင်ဘာ ၁၆ ရက်နေ့မှာ ဖွင့်လှစ်လိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ် မီဒီယာတွေက ရေးပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နတ်ကျောက်ဆရီမြို့နယ်က အာရက်ချာတလာတီလာဒေသနဲ့ ဟာတူရာနီတီလာဒေသတို့မှာ နယ်စပ်လုံခြုံရေးအတွက် နယ်ခြားစောင့် တပ်စခန်းသစ် ၂ ခုကို တိုးချဲ့ဆောက်လုပ်လိုက်တာ လည်းဖြစ်ပါတယ်။
အဲဒီ နယ်စပ်ရှိ နယ်ခြားစောင့်တပ်စခန်းသစ် ၂ ခု တည်ဆောက်လိုက်တာဟာ မြန်မာနယ်စပ် တလျှောက်ရှိ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ရဲ့ စောင့်ကြည့်မှုနဲ့ စစ်ဆင်ရေးဆိုင်ရာ စွမ်းရည်တွေ ပိုမိုအားကောင်းလာစေဖို့ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)ရဲ့ ကောစ့်ဘဇားဒေသ စစ်ဦးစီးမှူး ဗိုလ်မှူးကြီး ကာဇီဆမ်ရှာအူဒင်က ပြောပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တလျှောက်ရှိ BGB ရဲ့ စောင့်ကြည်မှုနဲ့ ကင်းလှည့်ခြင်း စတဲ့ လုပ်ငန်းတွေကို ပိုမိုထိရောက်စွာ ဆောင်ရွက်လာနိုင်မှာဖြစ်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ မှောင်ခိုလုပ်ငန်းတွေနဲ့ တရားမဝင် ဝင်ရောက်မှုတွေကို တားဆီးနိုင်ဖို့ နယ်စပ်ဒေသ နေထိုင်သူတွေရဲ့ ဘေးကင်းလုံခြုံရေးကိုလည်း အာမခံပေးနိုင်ဖို့ ဖြစ်တယ်လို့ ဗိုလ်မှူးကြီး ကာဇီဆမ်ရှာအူဒင်က ဆက်ပြောခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရခိုင်ပြည်နယ်က မူးယစ်ဆေးဝါး တင်သွင်းမှု၊ ရိုဟင်ဂျာ ဒုက္ခသည်တွေ ခိုးဝင်မှုတွေနဲ့ တရားမဝင် ကုန်သွယ်မှုတွေ စစ်သုံ့ပန်းတွေ၊ စစ်အာဏာရှင်တပ်သားတွေ မကြာခဏ ထွက်ပြေးလာကြတာကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်က မြန်မာနယ်စပ်ဒေသကို လုံခြုံရေး တိုးမြင့်နိုင်ဖို့ ဆောင်ရွက်လာနေတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာ လက်နက်ကိုင်တွေဖြစ်တဲ့ ARSA၊ RSO၊ ARA စတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကတဆင့် နယ်စပ်ဖြတ်ကျော်ပြီး အာရက္ခတပ်တော်ရဲ့ နယ်စပ်စစ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်မှုတွေကြောင့်လည်း ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က နယ်စပ်လုံခြုံရေးကို ပိုမိုတင်းကျင်းမှုတွေ ပြုလုပ်လာနေတာလည်းဖြစ်ပါတယ်။
Ref: BSS











