DVB Logo
Home
Lead Story
နွေဦးမပေါက်နိုင်သေးတဲ့ ဆီးရီးယားနဲ့ ရှုပ်ထွေးနေတဲ့လက်များ
DVB
·
October 19, 2015
နွေဦးမပေါက်နိုင်သေးတဲ့ ဆီးရီးယားနဲ့ ရှုပ်ထွေးနေတဲ့လက်များ
Donate to DVB

အာရပ်နွေဦး လူထုဒီမိုကရေစီရေး လှုပ်ရှားမှုကာလကစခဲ့တဲ့ ဆီရီးယားနိုင်ငံကတော့ ခုထိနွေဦး မပေါက်နိုင်ဖြစ်ခဲ့ရပြီး ပြည်တွင်းစစ်မီး တဟုန်းဟုန်းလောင်နေဆဲဖြစ်ပါတယ်။ ပြည်တွင်းစစ်ကာလ အတွင်း အတိုက်အခံအင်အားစုတွေဘက်က အားသာလိုက် အာဏာရှင် သမ္မတ အာဆတ်ရဲ့ တပ်တွေက အားသာလိုက်နဲ့ စစ်ပွဲရဲ့ အခြေအနေဟာ ပြတ်ပြတ်သားသား ပြောင်းလဲသွားတာမျိုး မရှိဘဲ။ သူတပြန် ကိုယ်တပြန်ဖြစ်နေခဲ့တယ်လို့ပဲ ပြောရမှာပါပဲ။ အဲဒီလိုဖြစ်ရအောင်လည်း အတိုက်အခံ အာဏာရှင်ဆန့်ကျင်ရေး သူပုန်အင်အားစုတွေဘက်က ၀င်ပြီးကူညီထောင်ပံ့ နေကြတဲ့ ပြည်ပနိုင်ငံတွေရှိသလို အာဏာရှင်သမ္မတ အာဆတ်ကို ၀င်ရောက်ကူညီနေကြတဲ့ ပြည်ပနိုင်ငံတွေလည်း ရှိနေခဲ့ကြတယ် ဆိုတာကတော့ နိုင်ငံတကာက သိရှိပြီးလည်းဖြစ်ပါတယ်။

ခုအဲဒီလို မကြာခဏ ပြောင်းလဲနေတဲ့ စစ်မျက်နှာ အခြေအနေဟာ လွန်ခဲ့တဲ့ သတင်း ၂ ပတ်က စပြီးစတင်ခဲ့တဲ့ ရုရှားနိုင်ငံရဲ့ ဆီးရီးယားနိုင်ငံက အတိုက်အခံ သူပုန်တွေကို လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ပိုပြီးတော့တောင် ရှုပ်ထွေးလာနေပြီလို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ဆိုပါတယ်။

ရုရှားဘက်ကတော့ ဒီအပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေကို တိုးမြှင့်ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီလို ရုရှားက သမ္မတ အာဆတ် အစိုးရဘက်က ၀င်ပြီး လေကြောင်းက ၀င်ရောက်တိုက်ခိုက်ပေးခဲ့တဲ့အတွက် ဆီးရီးယားအစိုးရကို အတိုက်အခံ သူပုန်တွေကို ထိုးစစ်ဆင် တိုက်ခိုက်မှု အသစ်တခုကို စတင်ဖို့အခွင့်အလမ်း ရရှိသွားစေတယ်လို့လည်း ဆိုပါတယ်။ ရုရှားက အဲဒီလိုထိ ၀င်ရောက်မစွက်ဖက်ခင်မှာ စကတည်းက ဆီးရီးယားအာဏာရှင် အာဆတ်ဖက်က ကူညီတိုက်ခိုက်ပေးနေကြတဲ့ အီရန်တပ်ဖွဲ့တွေနဲ့ ပါလက်စတိုင်း ဟစ်စဘိုလာတွေကလည်း ထောင်နဲ့ချီပြီး အကူအညီပေးတိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။ ဆီရီးယား အတိုက်အခံတွေကတော့ ဆီးရီးယားအာဏာရှင်အစိုးရကို ပြန်ပြီးဆန့်ကျင်တိုက်ခိုက်ဖို့ အမေရိကန်လုပ် တင့်ကားပစ် ဒုံးကျည်တွေ ပြန်ရပြီးတဲ့ အချိန်မှာ တိုက်ခိုက်ဖို့အဆင်သင့်ပဲလို့ ပြောပါတယ်။

ဒီတော့ ဒီ ဆီးရီးယားစစ် နဲ့ဆက်စပ်ပြီး ရုရှားနဲ့ အမေရိကန်တို့ အာဏာလွန်ဆွဲပွဲများ ပိုပြီးပြင်းထန် လာလေမလားလို့ စဉ်းစားစရာဖြစ်လာပါတယ်။ ခုလို ရုရှားက အာဏာရှင် အာဆတ်အစိုးရကို ကူညီတိုက်ခိုက် အမေရိကန်က အတိုက်အခံအင်အားစုတွေကို အားပေးကူညီလုပ်နေတာတွေက ဆီးရီးယားပြဿ နာကို အဖြေထွက်စေမှာလား ဒါမှမဟုတ် ပဋိပက္ခ ပို ပိုပြီး နက်ရှိုင်းသွားစေမှာလား ဆိုတာကို မေးခွန်းထုတ်ရမယ့် အခြေအနေကိုရောက်နေပြီလို့ ပြောရမှာပါပဲ။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကတော့ သူ့နိုင်ငံက ဆီးရီးယားအရေးမှာ ၀င်ရောက်ပါဝင် ပတ်သက်ရတာဟာ ကမ္ဘာကြီးကို အကာအကွယ်ပေးဖို့ဖြစ်တယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။
“ကျနော်တို့က ဆီးရီးယားမှာ ဘယ်လိုခေါင်းဆောင်မျိုး ရှိရမယ်ဆိုပြီး အားထုတ်နေတာ မဟုတ်ပါဘူး။ ဆီးရီးယားဟာ ခေါင်းဆောင်တဦးတည်း ရှိနိုင်ပါတယ်။ ဒါကတော့ ဆီးရီးယား ပြည်သူတွေပါပဲ”လို့ မော်စကို ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အစည်းအဝေးမှာ ပြောကြားသွားခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ သူက “ကျနော်တို့က အမေရိကန်ပြည်ထောင်စုအတွက်၊ ရုရှားအတွက်နဲ့ ကမ္ဘာတ၀ှမ်းလုံးအတွက် အန္တရာယ်ရှိတဲ့ အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေးမှာ အလွန်အကျွံ မဖြစ်ရအောင် လုပ်ဆောင်ပေးဖို့ ရည်ရွယ်လုပ်ဆောင်နေတာ ဖြစ်ပါတယ်”လို့လည်း ပြောကြားခဲ့ ပါတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့ ၂ ပတ်က ဆီးရီးယား အတိုက်အခံ သူပုန်တွေကို သူ့ရဲ့ လေကြောင်းက စတင်
တိုက်ခိုက်မှုကတော့ ကမ္ဘာကို အံ့အားသင့်သွားစေခဲ့တာ အမှန်ပါပဲ။ အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမေရိကန် ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ကြည်းတပ် ဗိုလ်မှူးကြီး စတိဗ်ဝါရင်းကတော့ “ဘာမှမစဉ်းစား၊ဘာမှ မခွဲခြားသလို တာဝန်မဲ့ တိုက်ခိုက်လိုက်တာပါပဲ” လို့ အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။ အင်္ဂါနေ့က ဆီးရီးယားနိုင်ငံ ရုရှားသံရုံးနားမှာ ရုရှား ထောက်ခံတဲ့ ဆန္ဒပြချီတက်စုဝေးပွဲ လုပ်နေတုန်း မော်တာကျည် ၂ လုံးပေါက်ကွဲခဲ့ပြီး ရုရှားအစိုးရ သတင်းအေဂျင်စီ စပုထ်နစ်ခ်ကတော့ ဒဏ်ရာရသူ ရှိမရှိ ချက်ချင်းမသိရှိရသေးဘူးလို့ သတင်းဖော်ပြခဲ့ပါတယ်။

ဆီးရီးယား အစိုးရ သတင်းဌာန ဆာနာကတော့ သံရုံးအပြင်မှာ စုဝေးဆန္ဒပြခဲ့တာဟာ ဆီးရီးယား လူမျိုးတွေက အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးမှာ ရုရှားနိုင်ငံရဲ့ ဆီးရီးယားနိုင်ငံအပေါ် အလေးအနက်ထားမှုအပေါ် ကျေးဇူးတင်ကြောင်းပြသတာဖြစ်တယ်လို့က ဖော်ပြခဲ့ပါတယ်။ အထက်က သမ္မတပူတင်ရဲ့ ပြောဆိုမှုဟာ အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားတို့ ဆီးရီးယားနိုင်ငံ အပေါ် ရပ်တည်တဲ့ ဘက် ၂ ဘက်ရဲ့ ပိုပြီး တိုက်ခိုက်နိုင်စွမ်း ယှဉ်ပြိုင်နေကြတဲ့ ကာလမှာ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ ရုရှားဟာ အင်အားစု ၂ ခုရဲ့ ခြိမ်းခြောက်မှု ကို ခံနေရတဲ့ သမ္မတ အာဆတ်ရဲ့ အစိုးရကို ကူညီပေးနေတာဖြစ်ပါတယ်။ ရုရှားနိုင်ငံရဲ့ အပြောကတော့ အိုင်အက်စ်တွေကို ဦးတည် တိုက်ခိုက်နေတာပါလို့ပြောပေမယ့် သူတို့ရဲ့ လေကြောင်းတိုက်ခိုက်မှု တွေကတော့ အတိုက်အခံ သူပုန်တွေထိန်းချုပ်တဲ့ နေရာတွေပဲ အများစုဖြစ်နေတာ တွေ့ရပါတယ်။ ဗိုလ်မှူးကြီး စတိဗ် ၀ါရင်းကတော့ လေကြောင်းတိုက်ခိုက်မှု အနည်းအကျဉ်းလောက်ပဲ အိုင်အက်စ် တွေကို ဦးတည်တာလို့ အမေရိကန်ပြည်ထောင်စုက ယုံကြည်ထားတယ်လို့ ပြောခဲ့ပါတယ်။

ဒီအပတ်ထဲမှာ အမေရိကန်နိုင်ငံက သမ္မတ အာဆတ်ရဲ့ ဆယ်စုနှစ်လေးခု ကြာနေပြီဖြစ်တဲ့ မိသားစုအုပ်ချုပ်ရေး ပြိုပျက်သွားဖို့ကြိုးစားတဲ့အနေနဲ့ သူပုန်အုပ်စုတွေကို လက်နက်ခဲယမ်း တန်ချိန် ၅၀ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း အပါအ၀င် လေ့လာသူ တချို့ကတော့ အမေရိကန်နဲ့ရုရှားတို့အကြားမှာ ခုဆက်ဖြစ်နေတဲ့ တိုက်ခိုက်မှုတွေကို အငှားနဲ့ တိုက်တဲ့ စစ်(proxy war)ပဲလို့ လွန်ခဲ့တဲ့ အပတ်က စီအင်အင်သတင်းဌာနက ဂျိတ်တက်ပ်ပါကို အာရီဇိုနာ ရီပတ်ဗလစ်ကန် အထက်လွှတ်တော်အမတ်က ပြောကြားခဲ့တာပါ။ တကယ်တော့ ဆီးရီးယားနိုင်ငံမှာ နေ့စဉ်နေ့ကတိုင်း အရပ်သားတွေ သေဆုံးမှုပိုပြီးများပြားလာပြီး နိုင်ငံရပ်ခြားကို ထွက်ပြေးတဲ့ဒုက္ခသည်တွေ များပြာလာတာနဲ့အတူ ပျက်စီးဆုံးရှုံးမှုတွေ အများကြီး ဖြစ်ပေါ်နေ ပါတယ်။ မတည်မငြိမ်ဖြစ်နေတဲ့ တိုင်းပြည်မှာ အိုင်အက်စ်တွေကလည်း ပိုပြီး ထိတ်လန့်စရာ ကောင်းတဲ့ ဒုစရိုက်နယ်မြေ ဖြစ်လာအောင် ခြိမ်းခြောက်လာနေပါတယ်။

အမေရိကန်က အတိုက်အခံသူပုန်တွေကို လက်နက်အင်အားနဲ့ နည်းပညာပိုင်းအရ အကူအညီ ပေးပြီး အိုင်အက်စ်တွေကို တိုက်ထုတ်ဖို့နဲ့ အာဏာရှင် အာဆတ်အစိုးရ ပြုတ်ကျရေး ကြိုးပမ်းနေသလို ရုရှားနိုင်ငံကလည်း သမ္မတ အာဆတ်အစိုးရကို စက်တင်ဘာလ ၃၀ ရက်နေ့ကစပြီး အတိုက်အခံသူပုန်တွေကို လေကြောင်းက ပစ်ခတ်တိုက်ခိုက်မှု စတင်ခဲ့ပြီး တိတိလင်းလင်း အကူအညီပေးလာတဲ့အတွက် အခြေအနေတွေက ရှုပ်ထွေးလာသလို အန္တရာယ်လည်း ကြီးမားလာနေပါတယ်။ ဒါပေမယ့် ရုရှားသမ္မတ ပူတင်ကတော့ “ကျနော်တို့ အလုပ်က တရားဝင် အစိုးရကို နိုင်ငံရေးအရ အပေးအယူ လုပ်ညှိနှိုင်းနိုင်တဲ့ အခြေအနေတွေ ဖန်တီးပေးနေတာပါ စစ်ရေးနည်းနဲ့ပေါ့ဗျာ”လို့ အစိုးရပိုင် ၂၄ တီဗီသတင်းဌာနကို ပြောကြားခဲ့ ပါတယ်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာကောင်စီကတော့ ရုရှားနိုင်ငံက သူတို့ရဲ့ အခြေခံ ပစ်မှတ်က အိုင်အက်စ်တွေပါလို့ ပြောနေတာကို မယုံကြည်ခဲ့ပါဘူး။
“အီးယူ အနေနဲ့ ဆီးရီးယား အစိုးရရဲ့ အချိုးအစားမမျှတ၊ ဘာခွဲခြားမှုမှ မရှိဘဲ သူ့ပြည်သူလူထုကို ဆက်ပြီး အလွန်အကျွံ ပစ်ခတ်တိုက်ခိုက်နေတာတွေကို ရှုတ်ချပါတယ်။ အာဆတ်အစိုးရဟာ ပဋိပက္ခမှာ သေဆုံးသွားခဲ့ကြတဲ့ လူပေါင်း ၂၅၀၀၀၀ နဲ့သန်းနဲ့ချီတဲ့ အိုးပစ်အိမ်ပစ် ထွက်ပြေးကြရ သူတွေ အားလုံးအတွက် အကြီးမားဆုံး တာဝန်ရှိသူ ဖြစ်တယ်”လို့ ပြစ်တင်ဝေဖန်ပြောဆိုခဲ့ပါတယ်။

တကယ်တော့ ဆီးရီးယား ပြည်တွင်းစစ်မှာ ပါဝင်ပတ်သက်နေကြတဲ့ နိုင်ငံတွေဟာ အမေရိကန်နဲ့ ရုရှားတင်မဟုတ်ပါဘူး ဆော်ဒီအာရေးဗီးယား နိုင်ငံကလည်း သူပုန်အုပ်စုတွေကို စစ်ရေးနဲ့ ငွေကြေး အကူအညီတွေပေးနေသလို သူ့နိုင်ငံတွင်းကို လှိမ့်ဝင်လာကြတဲ့ ၂ သန်းဝန်းကျင်လောက် ရှိတဲ့ ဒုက္ခသည်တွေကို လက်ခံထားရပြီး ဒဏ်ပိနေတဲ့ တူရကီနိုင်ငံကလည်း အာဆတ်အစိုးရ ဆင်းပေးဖို့ တောင်းဆိုခဲ့ပြီး ဆီးရီးယား အတိုက်အခံတွေကို အားပေးကူညီမှုတွေ အများကြီး လုပ်ပေးခဲ့ပါတယ်။ ဒါပေမယ့် အီရန်နိုင်ငံကတော့ အတိုက်အခံတွေကို နှိမ်နှင်းနေတဲ့ ဆီးရီးယား စစ်တပ်ကို အကူအညီပေးနေတာ တွေ့ရပါတယ်။ လက်ဘနွန် ဟစ်စ်ဘိုလာအဖွဲ့ ကလည်း ဆီးရီးယားမှာ တိုက်ခိုက်နေတဲ့ အိုင်အက်စ်တွေကို အပြတ်နှိမ်နှင်းရာမှာ ပူးပေါင်းပါဝင်ကြဖို့ တောင်းဆိုရင်း သူ့ရဲ့ရှီတီ စစ်သွေးကြွအုပ်စုတွေနဲ့ ဆီးရီးယားနိုင်ငံတ၀ှမ်းက ဆွန်နီ အစွန်းရောက်တွေကို စစ်ပွဲဆင်နွှဲနေတာကိုလည်း တွေ့နေရပါတယ်။

ဆီးရီးယားနိုင်ငံကတော့ ဒီပြည်တွင်းစစ်နဲ့ ပါဝင်ပတ်သက်လာကြတဲ့ လက်တွေကြားမှာ ရှုပ်ထွေး နေဆဲ နွေဦး မပေါက်နိုင်သေးဘဲ ဒုက္ခပင်လယ်ဝေနေဆဲ ဖြစ်တယ်လို့ပဲ ပြောရမှာပါပဲ။ ဒါပေမယ့် ဒီစစ်မီးကို ငြိမ်းသတ်နိုင်ဖို့ ကုလသမဂ္ဂ အပါအ၀င် ကမ္ဘာ့နိုင်ငံပေါင်းစုံက အလေးအနက်စဉ်းစား အဖြေရှာ အကူအညီပေးဖို့ လိုအပ်နေပြီ ယူဆပါတယ် ။ ။
စိုးနေလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013