DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်ရဲ့ အာကာသစီမံကိန်းက ပြည်သူကို စောင့်ကြည့်ဖိနှိပ်ရေးယန္တရားတခု ဖြစ်လာမလား
မြတ်သဇင်
·
August 3, 2026
Photo: MOI
Photo: MOI
Donate to DVB

စစ်အာဏာရှင်ခေါင်းဆောင် မင်းအောင်လှိုင်က ရက် ၁၀၀ စီမံချက်မှာ ဖော်ဆောင်ခဲ့တဲ့ အာကာသနည်းပညာ စီမံကိန်းတွေဟာ ဖိနှိပ်ရေးယန္တရားကို တည်ဆောက်ဖို့အတွက် ပိုမိုတိုးမြှင့်လာမလား ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။ 

စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က သူ့ရဲ့ အစိုးရသက်တမ်း ရက် ၁၀၀ စီမံချက်မှာ မြန်မာအာကာသအေဂျင်စီကို ဖွဲ့စည်းတည်ထောင်ပြီး Multi-Mission Operation Command and Control (MOCC) စနစ်နဲ့ MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်းကို အကောင်အထည်ဖော်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပြီး Digital Elevation Intelligence Platform (DEIP) နဲ့ ERS Application Platform ကိုလည်း အကောင်အထည်ဖော်နိုင်ခဲ့သလို ဂြိုဟ်တုကရလာတဲ့ ဒေတာတွေကို AI နည်းပညာနဲ့ ပေါင်းစပ်အသုံးပြုပြီး စိုက်ပျိုးရေး၊ သစ်တော၊ ရေအရင်းအမြစ်စီမံခန့်ခွဲရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ခန့်မှန်းရေးနဲ့ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အသုံးချနိုင်အောင် ဖော်ဆောင်ထားတာလို့လည်း ဆိုပါတယ်။

ဝေးလံတဲ့ ဒေသတွေအတွက် အင်တာနက်အသုံးပြုနိုင်ဖို့ ဆက်သွယ်ရေးအတွက် အသုံးပြုနိုင်ဖို့ ဂြိုဟ်တု ဆက်သွယ်ရေးစနစ်တွေကို ဖော်ဆောင်သင့်ပေမဲ့ စစ်အာဏာရှင် ဖော်ဆောင်တဲ့အထဲ ဒါတွေ မပါဝင်ဘဲ မြေပြင်ဓာတ်ပုံရိုက်ယူတဲ့စနစ်၊ စောင့်ကြည့်လေ့လာရေးနဲ့ ဓာတ်ပုံရိုက်ယူရေး ဂြိုဟ်တုစနစ်တွေကိုပဲ အဓိက ဦးတည်ပြောကြားနေတာလို့ ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်အရေး လေ့လာသူတွေက ထောက်ပြကြပြီး ဖိနှိပ်ရေးယန္တရားကို တည်ဆောက်ဖို့အတွက် ပိုမိုတိုးမြှင့်လာမလား ဆိုတဲ့ သံသယစိတ်တွေ ဖြစ်ပေါ်စေတယ်လို့ ဆိုကြပါတယ်။

စစ်အာဏာရှင် အစိုးရက ဂြိုဟ်တုနည်းပညာစနစ်တွေကို စိုက်ပျိုးရေး၊ သစ်တော၊ ရေအရင်းအမြစ် စီမံခန့်ခွဲရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ခန့်မှန်းရေးနဲ့ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အသုံးချမယ်လို့ ပြောပေမဲ့ တကယ်တမ်း နယ်မြေစိုးမိုးရေးနဲ့ စောင့်ကြည့်စစ်ဆေးရေး (Surveillance) တွေမှာ အသုံးပြုလာနိုင်ခြေ အန္တရာယ်တွေ ရှိနေတယ်လို့ မြန်မာအင်တာနက်ပရောဂျက် (MIP) က ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်အရေး လေ့လာသူ ကိုသစ်ဉာဏ်က သုံးသပ်ပါတယ်။

“ဒီ ကောင်းကင်ဂြိုဟ်တုကနေပြီးတော့ ဂြိုဟ်တုဆက်သွယ်ရေးစနစ်ကနေပြီးတော့ စောင့်ကြည့်ရေးယန္တရားကို ပိုမိုအားကောင်းအောင် လုပ်လာနိုင်မယ် ဆိုတာကို ကျနော်တို့ တွေ့ရတယ်ပေါ့နော်။ အဲဒီ သဘာဝဘေး သဘာဝဘေးအန္တရာယ်တွေ ကာကွယ်ဖို့၊ စိုက်ပျိုးရေးနဲ့ တခြားသော ဆက်သွယ်ရေးဆိုင်ရာ ကိစ္စတွေအတွက်ကို ဦးတည်ရည်ရွယ်ပြီးတော့ လုပ်တယ်ဆိုတဲ့ အကြောင်းပြချက်တွေ ဘယ်လိုပဲပေးပေး စစ်အုပ်စုက ဒီစောင့်ကြည့်ရေးယန္တရားကို တည်ဆောက်ပြီးတော့ အသုံးပြုနေကြတယ်ပေါ့နော်။ ဒါကြောင့်မို့လို့ ဒီဂြိုဟ်တုစနစ်က ဒီစောင့်ကြည့်ရေးယန္တရားကို ပိုမိုအားကောင်းအောင်လည်း လုပ်ပေးနိုင်တာ ရှိတယ်ပေါ့နော်။ ဒါကြောင့်မို့လို့ ဒီဂြိုဟ်တုစနစ်ကို သုံးပြီးတော့ စောင့်ကြည့်ရေးယန္တရားကို ပိုမိုတိုးချဲ့ဆောင်ရွက်လာမဲ့ဟာတွေအပေါ်မှာလည်း ကျနော်တို့က စိုးရိမ်စရာတွေ ရှိတယ်ပေါ့နော်။ နောက်ပြီးတော့ လေကြောင်းအားကို ဒီ သာလွန်အင်အား၊ စစ်တပ်က ဒီမင်းအောင်လှိုင်စစ်တပ်က အသုံးပြုနေတဲ့ဟာတွေ ရှိတယ်ပေါ့နော်။ ဒါအပေါ်မှာလည်း ဒါ စစ်ရေးအရ အသာစီးရဖို့အတွက် လုပ်ဆောင်တယ် ဆိုတဲ့ဟာမျိုးကိုလည်း ကျနော်တို့က ရှုမြင်နိုင်တယ်ပေါ့နော်။”

မြေပြင်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဆောင်ရွက်နေတဲ့ ရန်ကုန်မြို့အခြေစိုက် လူငယ်အဖွဲ့အစည်းတခု ဖြစ်တဲ့ ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းကတော့ စစ်အာဏာရှင်က မြန်မာနိုင်ငံဟာ ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ နည်းပညာနိုင်ငံတနိုင်ငံ ဖြစ်လာနိုင်ဖို့ အာကာသအိပ်မက်ကို ဖော်ဆောင်နေတယ်လို့ ဆိုပေမဲ့ စစ်အုပ်စုဆီကနေ ကောင်းမွန်တဲ့အရာတွေကို ဘာတခုမှ မျှော်လင့်ထားလို့ မရဘူးလို့ ဆိုပါတယ်။

ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းမှ ကိုရေဘဝဲ က  “စစ်အုပ်စုဆီကနေ ဘာမှ ကျနော်တို့ မျှော်လင့်လို့ မရပါဘူး။ အဲဒီတချက်ကိုတော့ သတိပြုရပါမယ်။ ဘာကို မျှော်လင့်နေမှာလဲ၊ သူ့ဆီက ကောင်းတဲ့အရာတွေလား၊ သူဆို့ဆီက ငြိမ်းချမ်းမှုဆိုတဲ့ အရာတွေလား၊ သူတို့ဆီက တိုးတက်မှု အရာတွေလား၊ အခြေခံလူတန်းစားတွေအပေါ် ကြည့်ရှုမှုတွေလား အစရှိသဖြင့်ပေါ့၊ ဘာကို မျှော်လင့်လို့ ရမှာလဲ၊ စစ်အုပ်စုဆီကနေ ကျနော်တို့တွေက ဘာကောင်းတာတခုမှ မျှော်လင့်လို့ ရမှာ မဟုတ်ပါဘူး။ စစ်အုပ်စုရဲ့ ရလဒ်ကလည်း ဘာကောင်းတာ တခုမှ မထွက်ပါဘူး” လို့ ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ လျှပ်စစ်မီး မမှန်တာ၊ အင်တာနက်လိုင်းတွေ မကြာခဏ ဖြတ်တောက်ခံရတာ၊ ဒစ်ဂျစ်တယ် အသုံးပြုမှုတွေအပေါ်မှာ ကန့်သတ်မှုတွေ လုပ်ဆောင်တာတွေကို ပြည်သူတွေက ခံစားနေကြရပါတယ်။ 

ဒီလို အခြေအနေတွေမှာ အာကာသနည်းပညာအတွက် ရင်းနှီးမြှုပ်နှံပြီး အကောင်အထည်ဖော်ဖို့ ကြိုးစားလာတာဟာ ပြည်သူ့လိုအပ်ချက်နဲ့ အလှမ်းဝေးကွာတဲ့ ကိစ္စတခုဖြစ်ပြီး အများပြည်သူ အကျိုးစီးပွားအတွက်ထက် စစ်အုပ်စုရဲ့ အကျိုးစီးပွားကို ဦးစားပေး အသုံးပြုဖို့အတွက် ပြည်သူ့ဘဏ္ဍာကို အသုံးပြုပြီးတော့ အကောင်အထည်ဖော်ဖို့ ကြိုးစားလာတဲ့ ကိစ္စတွေသာ ဖြစ်တယ်လို့ ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်အရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013