မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ အဖွဲ့ဝင်နိုင်ငံတွေက ယူကရိန်းအတွက် ယူရို ၇၀ ဘီလီယံ တန်ဖိုးရှိတဲ့ စစ်ရေးအကူအညီအသစ်တခုကို ချိန်ဆနေကြတယ်လို့ NATO သံတမန်တွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။
ထောက်ပံ့မှုအစီအစဉ်ရဲ့ အသေးစိတ်အချက်အလက်တွေကို ဇူလိုင်လမှာ ကျင်းပမဲ့ NATO ထိပ်သီးအစည်းအဝေးတွေမှာ ထုတ်ပြောဖို့ကိုလည်း မျှော်လင့်နေကြပါတယ်။
ဂျာမနီနိုင်ငံက အဆိုပြုထားတဲ့ ဒီအစီအစဉ်ဟာ ယူကရိန်းအတွက် ရန်ပုံငွေ ပွင့်လင်းမြင်သာမှုကို တိုးမြှင့်ဖို့နဲ့ NATO အဖွဲ့ဝင်တွေအကြား ကုန်ကျစရိတ် အချိုးအစားကို ယန္တရားအသစ်နဲ့ ဟန်ချက်ညီအောင်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။
ဂျာမန် ထိပ်တန်းစီးပွားရေးသုတေသနဌာနတွေထဲက တခုဖြစ်တဲ့ ကီးလ်အင်စတီကျုက ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစောင်ထဲမှာ အခုနှစ် ဇန်နဝါရီကနေ ဧပြီအထိ ဥရောပနိုင်ငံတွေဟာ ယူကရိန်းအစိုးရဆီ စစ်ရေးအကူအညီအဖြစ် တလကို ယူရို ၂ ဘီလီယံ ပေးအပ်ခဲ့ကာ ပြီးခဲ့တဲ့နှစ်ထက် ယူရို ၄ ဘီလီယံ လျော့နည်းနေတာကို ဖော်ပြထားပါတယ်။
အဲဒီကာလအတွင်း အမေရိကန်ပြည်ထောင်စုက ဘယ်စစ်ရေးအကူအညီမှ မပေးခဲ့ဘူးလို့လည်း ဖော်ပြထားပါတယ်။
Source: Reuters










