
သီရိလင်္ကာနိုင်ငံတဝန်း တပတ်ကြာပြုလုပ်ခဲ့တဲ့ “ငြိမ်းချမ်းရေး ဒေသစာရီကြွချီပွဲ” ကို ဧပြီ ၂၈ ရက် က မြို့တော် ကိုလံဘိုရှိ လွတ်လပ်ရေးရင်ပြင်မှာ အဆုံးသတ်ခဲ့ပြီး သီရိလင်္ကာသမ္မတ အာနူရ ကုမာရ ဒစ်ဆာနာယာကေးက ရဟန်းတော်တွေကို ကြိုဆို ဂါရဝပြုခဲ့ပါတယ်။
ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ပွဲဟာ ဗုဒ္ဓအဆုံးအမတွေနဲ့အညီ ငြိမ်းချမ်းရေးနဲ့ သတိပဋ္ဌာန် တရားတို့ကို မြှင့်တင်ဖို့နဲ့ သီရိလင်္ကာရဲ့ ဗုဒ္ဓဘာသာ အမွေအနှစ်တွေကို မီးမောင်းထိုးပြဖို့ ရည်ရွယ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
အမေရိကန်အခြေစိုက် ဗီယက်နမ် ဘုန်းတော်ကြီး အရှင် ပညာကာရထေရိုက ဦးဆောင်ခဲ့တာ ဖြစ်ပြီး လမ်းခရီးမှာ ပြည်တွင်းပြည်ပက ရဟန်းတော်တွေအပြင် အာလောက အမည်ရှိ လမ်းဘေး ခွေးလေးတကောင်လည်း ပါဝင်ခဲ့ပါတယ်။
သီရိလင်္ကာသမ္မတ ဒစ်ဆာနာယာကေးက ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် အမေရိကန်မှာ စိုက်ပျိုးဖို့ ဗောဓိညောင်ပင်ပျိုတပင်ကို ဆရာတော်ကို လှူဒါန်းခဲ့ပါတယ်။
ဒီခရီးစဉ်ဟာ ကိုလံဘိုမြို့ မြောက်ဘက် ၉၉ မိုင် အကွာလောက်က ဒမ်ဘူလာမြို့ရှိ သမိုင်းဝင် ဂူဘုရားကျောင်းကနေ စတင်ခဲ့တာဖြစ်ပါတယ်။
မိုင်ပေါင်း ၁၄၀ ခရီးစဉ်အတွင်း လမ်းတလျှောက်မှာ လူပေါင်းသောင်းနဲ့ချီ စောင့်ကြိုခဲ့ကြပြီး ရဟန်းတော်တွေဆီကနေ ကောင်းချီးမင်္ဂလာ ခံယူခဲ့ကြပါတယ်။
ဒီငြိမ်းချမ်းရေး ဒေသစာရီကြွချီပွဲကို ၂၀၂၅ ခုနှစ် အောက်တိုဘာလက စတင်ခဲ့တာဖြစ်ပြီး အရှင် ပညာကာရ ထေရိုဟာ အမေရိကန်နဲ့ ကမ္ဘာတဝန်း ငြိမ်းချမ်းရေးနဲ့ သတိပဋ္ဌာန်ဆိုင်ရာ တရားတော် တွေကို သိရှိနိုးကြားလာစေဖို့ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ကနေ ဝါရှင်တန်ဒီစီ အထိ ၁၀၉ ရက်ကြာ လမ်းလျှောက် ကြွချီခဲ့ဖူးပါတယ်။
အရှင် ပညာကာရ ထေရိုက “လူတယောက်ချင်းစီရဲ့ စိတ်ထဲမှာ ငြိမ်းချမ်းရေးကို တည်ဆောက် နိုင်မယ်ဆိုရင် မိသားစုတွေ ငြိမ်းချမ်းလာမယ်၊ လူ့အဖွဲ့အစည်းတွေ ငြိမ်းချမ်းလာမယ်၊ နိုင်ငံတွေ ငြိမ်းချမ်းလာပြီး တကမ္ဘာလုံးလည်း ငြိမ်းချမ်းသွားမှာပါ။ ငြိမ်းချမ်းရေးဆိုတာ အပြင်ကနေ အထဲကို တည်ဆောက်ယူရတာမျိုး မဟုတ်ပါဘူး။ အတွင်းစိတ်ကနေ အပြင်ဘက်ကို တည်ဆောက် ယူရတာပါ” လို့ ဟောပြော မိန့်ကြားခဲ့ပါတယ်။
Source:Reuters











