
မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ဧရာဝတီတိုင်း၊ ပုသိမ်-ချောင်းသာ ကားလမ်းပေါ် အဆမတန် ရေကျော်နေတာကြောင့် ယာဉ်တွေ သွားမရဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၁၃ ရက် မနက်ပိုင်းက စတင်ပြီး ၁၄ ရက် မနက်ပိုင်းအထိ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့တာကြောင့် ချောင်းသာမြို့၊ ကံကြီးကျေးရွာအုပ်စု၊ ခြောက်ကောင်ကျေးရွာ အနီးရှိ မိုင်တိုင်အမှတ် ၂၅ မိုင် ၄ ဖာလုံကနေ ၂၆ မိုင်အထိ ကားလမ်းမကြီးပေါ်မှာ ၅ ပေ ဝန်းကျင်အထိ ရေကျော်နေတာလို့ ဆိုပါတယ်။
ပုသိမ်က ယာဉ်မောင်းတယောက်က “ရေက မောင်းမရတဲ့အထိ ကျော်တက်နေလို့ ပြန်လှည့်ခဲ့ရတာ။ အခုမနက်လည်း ရေက ကျော်နေတုန်း။ တောင်ကျရေတွေက တဟုန်ထိုး ဆင်းနေတာကြောင့် ပိုဆိုးတာ” လို့ ပြောပါတယ်။
ပုသိမ်-ချောင်းသာ ကားလမ်း ရေကျော်နေတဲ့အပြင် ပုသိမ်-ချောင်းသာ ကားလမ်းတလျှောက်က မြေနိမ့်ပိုင်းရှိ လူနေအိမ် ရာချီ ရေနစ်မြုပ်နေပြီး သောက်ရေကန်နဲ့ သောက်ရေအဖြစ် သိုလှောင်ထားတဲ့ အိုးတွေပါ ရေနစ်မြုပ်နေတယ်လို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ပုသိမ်-ချောင်းသာလမ်းက ရေကျော်တာကို သတိထားစေချင်တယ်။ တောင်ကျရေတွေက အရှိန်နဲ့ ဆင်းနေတာကြောင့်ပါ။ မိုးလေဝသ ဌာနကလည်း မိုးဆက်ပိုနေမယ်လို့ သတိပေးထားတာကြောင့် သတိပြု သွားလာကြဖို့ အကြံပေးချင်ပါတယ်” လို့ ပြောပါတယ်။
ပုသိမ်-ချောင်းသာ ကားလမ်း ရေကျော်နေတာကြောင့် လမ်းပိုင်းကို ဖြတ်သန်းမဲ့ မော်တော်ယာဉ်တွေအနေနဲ့ အထူးသတိပြု သွားလာမောင်းနှင်ကြဖို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အရေးပေါ် သတိပေး နှိုးဆော်ထားတယ်လို့ ဆိုပါတယ်။
ပုသိမ်-ချောင်းသာ ကားလမ်း ရေကျော်နေတဲ့အတွက် ဇူလိုင် ၁၃ ရက်မှာ ပုသိမ်က ကားအများအပြား နောက်ကြောင်းပြန်လှည့်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပြီး ဇူလိုင် ၁၄ ရက်မှာလည်း မိုးအဆက်မပြတ် ရွာနေတယ်လို့ ဆိုပါတယ်။
ဇွန် ၁၂ ရက်ကလည်း ဧရာဝတီတိုင်း၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်မှာ အဆက်မပြတ် ရွာသွန်းတဲ့ မိုးဒဏ်ကြောင့် ဦးချိုချောင်းရေ မြင့်တက်လာကာ အင်ပင်-ညောင်ခြေထောက် ကားလမ်းပိုင်း ရေနစ်မြုပ်မှုကြောင့် ယာဉ်တွေ ပိတ်ဆို့ခဲ့သေးတယ်လို့ ဆိုပါတယ်။
ပုသိမ်မြို့နယ်မှာ ဇွန် ၅ ရက်ကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ တောင်ကျရေ ကျဆင်းမှုကြောင့် ဂျက်ကာ-စိန်တောင်-မော်တင် ကားလမ်းပေါ်ရှိ တင်းချောင်း တံတားချဉ်းကပ်လမ်း ရေတိုက်စားပြီး ပြိုကျခဲ့တယ်လို့ သိရပါတယ်။










