DVB Logo
Home
မြန်မာသတင်း
ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း စစ်ကြောင်းထိုးမှု အရှိန်မြှင့်လာ
မြတ်သဇင်
·
August 25, 2026
Photo : DVB
Photo : DVB
Donate to DVB

စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကို ဩဂုတ် ၁၇ ရက်က သွားရောက်ခဲ့ပြီးနောက် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတဝိုက်မှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုတွေ ပိုပြီး အရှိန်မြှင့်လာနေပါတယ်။ 

စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ရဲ့ ရုရှားနိုင်ငံခရီးစဉ်အတွင်း စစ်အာဏာရှင်လက်အောက်ခံ တနင်္သာရီတိုင်း ဝန်ကြီးချုပ်လည်း လိုက်ပါသွားခဲ့တာပါ။

ရုရှားနိုင်ငံခရီးစဉ်အတွင်းမှာ မြန်မာ-ရုရှား စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပြီး အဲ့ဒီအထဲမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး၊ နျူကလီးယားကဏ္ဍ စတာတွေ ဆွေးနွေးခဲ့ကြတယ်လို့ စစ်အုပ်စုက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ထားဝယ်စီးပွားရေးဇုန်မှာ LNG သဘာဝဓာတ်ငွေ့ရည်စက်ရုံ တည်ဆောက်ရေးလည်း ပါဝင်ပြီး စက်ရုံ ဆောက်ပြီးပါက အိမ်နီးချင်းနိုင်ငံ‌တွေကို LNG သဘာဝဓာတ်ငွေ့ရည် တင်ပို့ရောင်းချသွားမယ်ဆိုပြီးလည်း စစ်အာဏာရှင်အစိုးရ ပြောခွင့်ရ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောပါတယ်။

မြေပြင်မှာတော့ စစ်အာဏာရှင် သမ္မတရဲ့ ရုရှားခရီးစဉ်ပြီးတဲ့နောက် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း တဝိုက်မှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုတွေ ပိုပြီး အရှိန်မြှင့်လုပ်ဆောင်လာနေပါတယ်။

ထားဝယ်ဒေသခံတယောက်က “လောလောဆယ် အနေအထားကတော့ ဒီပြီးခဲ့တဲ့ တပတ်အတွင်းမှာ ဒီဝက်ချောင်းဆိုတဲ့ ရွာလေးနားမှာ သူတို့ ထိတွေ့တိုက်ပွဲ နှစ်ကြိမ် ဖြစ်တယ်လို့တော့ ကျနော်တို့ သတင်းကြားရတယ်၊ နှစ်ဘက် ထိခိုက်ကျဆုံးမှုလည်း ရှိတယ်လို့တော့ ပြောတယ်ဗျ” လို့ ပြောပါတယ်။

ထားဝယ်ဒေသခံတယောက်ကလည်း အထူးစီးပွားရေးဇုန် ဧရိယာကို စစ်အာဏာရှင် ခေါင်းဆောင် ရုရှားမသွားခင် ဇူလိုင်လကတည်းစပြီး စစ်တပ်က သာလွန်အင်အားတွေနဲ့ စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။ 

“ကာကွယ်ရေး ဒု-ဦးစီးချုပ် မြိတ်ကို လာတော့ သူက အဲ့ဒီမှာ အမိန့်ပေးသွားတဲ့ သဘောမျိုးပေါ့ဗျာ။ ဒီ ထားဝယ် အထူးစီးပွားရေးဇုန် ဧရိယာကို ရှင်းလင်းရေး လုပ်ရမယ်ဆိုတဲ့ သဘောမျိုး။ သူ ပြောပြီးတဲ့ နောက်ပိုင်းပေါ့ဗျာ။ အဓိက ကြုံလာတာကတော့ အဲ့ဒီ အင်အားအလုံးရင်းနဲ့ စပြီးတော့ စစ်ကြောင်းထိုးတာကတော့ ဒီ ၇ လပိုင်းထဲမှာ စပြီးတော့ ဖြစ်တာပေါ့ခင်ဗျာ။ အဲ့ဒီ အင်အား ထောင်ချီ ထောင်ချီလို့ပဲ ပြောရမလား မသိဘူး။ ဟို ရာချီ မဟုတ်တော့ဘူး၊ ဟို အင်အား အလွန်ကျွံသုံးပြီးတော့ပေါ့ ခင်ဗျာ။ ၇၀၀ နဲ့ ၁,၀၀၀ ကြားတော့ ရှိမယ်ထင်တယ် ကျနော့် စိတ်ထင်တော့။ အဲ့လောက်ထိ သုံးပြီးတော့ သူတို့ ဒီ စစ်ကြောင်း ထိုးလာတာ” လို့ ပြောပါတယ်။

စီမံကိန်းနယ်မြေတဝိုက်က ကျေးရွာတွေကို မီးတင်ရှို့တာ၊ လမ်းကြောင်းတွေကို ဖြတ်တောက် ပိတ်ဆို့တာတွေ လုပ်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေး အင်အားစုတွေကို ကိုးကားပြီးလည်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (International Crisis Group) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး ရစ်ချတ်ဟိုဆေးကတော့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဟာ စာရွက်ပေါ်မှာပဲ ရှိနေတာလို့ သုံးသပ်ထားပါတယ်။ ဒီစီမံကိန်းကိုတော့ မြန်မာစစ်အုပ်စုက အမြန်စချင်နေတာ ထင်ရှားပြီး နယ်မြေစိုးမိုးရေးအတွက် လုပ်ဆောင်လာနိုင်တယ်လို့ ဆိုပါတယ်။

ရစ်ချတ်ဟိုဆေးက “လက်ရှိမှာတော့ ဒီစီမံကိန်းဟာ စာရွက်ပေါ်မှာပဲ ရှိသေးပြီး၊ ဟောင်းနွမ်းလို့ မှိုတက်နေပြီဖြစ်တဲ့ ဆိုင်းဘုတ်အချို့ပဲ ရှိပါသေးတယ်။ ဒါကြောင့် လက်ရှိ မြေပြင်အခြေအနေအပေါ် တကယ့် ရိုက်ခတ်မှု ရှိလာမယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ ရုရှားက စီမံကိန်း မြန်မြန်မသွားနိုင်တဲ့ အကြောင်းပြချက်အဖြစ် လုံခြုံရေး စိုးရိမ်ရမှုကို နေပြည်တော်ကို ပြောပြလာရင်တော့၊ ရုရှား လာရောက် စီးပွားရေးလုပ်ဖို့ အားပေးတဲ့အနေနဲ့ နေပြည်တော်က အဲဒီဧရိယာကို လုံခြုံရေး ပိုမိုစိုးမိုးနိုင်အောင်တော့ လုပ်ဆောင်လာနိုင်ပါတယ်” လို့ ပြောပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို ၂၀၁၂ ခုနှစ်က အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး စီမံကိန်းကို လုပ်ကိုင်ခွင့်ရခဲ့တဲ့ အီတာလျံ-ထိုင်းကုမ္ပဏီကို စီမံကိန်းအကောင်အထည်‌ဖော်မှု အားနည်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရပ်သားအစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်က ဆက်လက်လုပ်ကိုင်ခွင့် ရပ်ဆိုင်းခဲ့တာလည်း ဖြစ်ပါတယ်။ 

အခုတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားအစိုးရနဲ့ ပူးပေါင်းအကောင်အထည်ဖော်ဖို့ ကြိုးပမ်းလာတာလည်း ဖြစ်ပါတယ်။

ရုရှားစီးပွားရေးဖွံ့ဖြိုးမှု ဝန်ကြီးဌာနနဲ့ မြန်မာစစ်အုပ်စုတို့ဟာ ထားဝယ်အထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU) ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလက လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013