
ထိုင်း-မြန်မာနယ်စပ်တလျှောက်ကို ထိုင်းဘက်ကနေ တချက်လှမ်းကြည့်လိုက်မယ်ဆိုရင် နယ်စပ်တ ဘက်ခြမ်း မဲဆောက်မြို့နဲ့ မြန်မာနိုင်ငံကို သောင်ရင်းမြစ်တလျှောက် သံဆူးကြိုး အတားအဆီးတွေနဲ့ နယ်နိမိတ် ပိုင်းခြားထားတာကို တွေ့ရမှာပါ။
မြန်မာနိုင်ငံမှာတော့ အချိန် ၅ နှစ်ကျော်ကြာ ပြည်တွင်းစစ်ကြောင့် နိုင်ငံဟာ ပျက်စီးယိုယွင်းခဲ့ရပြီး လူပေါင်း ၉၃,၀၀၀ နီးပါး သေဆုံးခဲ့ရသလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေလည်း ဆက်လက်ဖြစ်ပွားနေပါတယ်။
မကြာသေးခင်က တိုက်ခိုက်မှုတွေအတွင်းမှာတော့ တလသားအရွယ် ကလေးငယ်တယောက် အပါအဝင် အနည်းဆုံး အရပ်သား ၂၇ ယောက် သေဆုံးခဲ့ပြီး ၁၀ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
လက်ရှိကာလကတော့ မြန်မာ့ပြည်တွင်းစစ်မှာ ပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံးဟာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ စီရင်ချက်ကို စောင့်ဆိုင်းနေကြပါတယ်။
ICJ တရားရုံးမှာ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတွေဟာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပြီး စစ်တပ်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးမှာ စစ်ဆေးမှုတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်မှာ ပြီးဆုံးခဲ့ပေမဲ့ စီရင်ချက်ထွက်လာဖို့ လအနည်းငယ် ကြာနိုင်ပါသေးတယ်။
မြန်မာတို့ရဲ့ နောက်ဖေးဒေသလို့ ပြောရမဲ့ ထိုင်းနယ်စပ်တလျှောက်မှာ တဲအိမ်လေးတွေ တန်းစီနေပြီး မြန်မာနိုင်ငံက ရာနဲ့ချီတဲ့လူတွေဟာ အဲဒီမှာ ခိုလှုံခွင့်ရှာရင်း အရက်နဲ့ ဆေးလိပ် (အများစုမှာ အတု တွေဖြစ်ပါတယ်) ကျောက်မျက်ရတနာ၊ သစ်၊ ငါးခြောက်၊ ဆန်နဲ့ ရေသန့်ဘူးတွေကို ရောင်းချပြီး အဓိက အသက်မွေးဝမ်းကျောင်း ပြုနေကြပါတယ်။
နွေရာသီကုန်ဆုံးခါနီးလို့ သောင်ရင်းမြစ်ရေ အနိမ့်ဆုံးအဆင့်ကို ကျဆင်းလာချိန်မှာ တံငါသည်တွေဟာ ငါးရဖို့ မျှော်လင့်ချက်နဲ့ မြစ်ကမ်းနားမှာ တူးဆွနေကြပါတယ်။ တခြားသူတွေကတော့ ပလတ်စတစ်နဲ့ ပြန်လည်အသုံးပြုလို့ရတဲ့ ပစ္စည်းတွေကို ကောက်ယူပြီး အသက်မွေးဝမ်းကျောင်းအတွက် ရှာဖွေနေကြပါတယ်။
တံငါသည်တွေဟာ သူတို့ နေ့စဉ်ဖမ်းမိတဲ့ ငါးတွေကို ဈေးကို ပို့ဆောင်ပေးကြပါတယ်။ ငါးမောင်း၊ ငါးရံ့နဲ့ ငါးစင်ရိုင်း၊ ငါးသိုင်း အမျိုးအစားတွေဟာ သောင်ရင်းမြစ်ကရတဲ့ အဓိက ပရိုတင်းဓာတ် အရင်းအမြစ်တွေ ဖြစ်သလို မြန်မာပြည်မှာ ဖမ်းမိပြီး ထိုင်းမှာ ရောင်းချနေကြတာကို တွေ့ရပါတယ်။
ကလေးငယ်တွေဟာ ချုံပုတ်တွေထဲမှာ တူတူပုန်းတမ်း ကစားနေကြပါတယ်။ အဲဒီနေရာနဲ့ မလှမ်းမကမ်းမှာ အမည်မဖော်လိုတဲ့ NGO တခုက အသက် ၁၂ နှစ်အရွယ်လောက်ထိ ငယ်ရွယ်သူ တွေပါဝင်တဲ့ ကလေးစစ်သားတွေအတွက် ကယ်ဆယ်ရေးဂေဟာတခုကို ဖွင့်လှစ်ထားသလို အဲဒီကလေးငယ်တွေဟာ အင်္ဂလိပ်၊ ထိုင်းနဲ့ မြန်မာစာတွေကို သင်ယူကြပြီး စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေကို ခံယူရင်း ဘဝကျွမ်းကျင်မှု သင်ခန်းစာတွေကို သင်ကြားနေကြပါတယ်။
ညနေနေဝင်ချိန် ထမင်းစားဖို့ အိမ်မခေါ်ခင်အထိ နေ့စဉ် ကလေးငယ် ဒါဇင်ပေါင်းများစွာဟာ မြေနီကွင်းပြင်ထဲမှာ ဖုန်တထောင်းထောင်းနဲ့ ဘောလုံးကစားကြပါတယ်။
မြန်မာနိုင်ငံက ဈေးသည်တယောက်ဟာ ထိုင်းနိုင်ငံက ဒေသခံတွေကို သူ့ရဲ့ ကုန်ပစ္စည်းတွေ ရောင်း ချနေပါတယ်။
လုံခြုံရေးအန္တရာယ်ကြောင့် နိုင်ငံခြားသားတွေကို နယ်စပ်ဖြတ်ကျော်ခွင့် မပြုပေမဲ့ မြန်မာနိုင်ငံက လူတွေကတော့ သံဆူးကြိုးတွေ ကာရံထားတဲ့ ထိုင်းဘက်အခြမ်း နယ်စပ်တလျှောက်ကို ကန့်သတ်ချက်နဲ့ ဝင်ရောက်ခွင့် ရရှိကြပါတယ်။
ကုလသမဂ္ဂရဲ့အဆိုအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ ပြည်တွင်းစစ်ထဲ ရောက်သွားကတည်းက ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာ ထွက် ပြေးရသူ ၃ ဒသမ ၆ သန်းရှိတဲ့ထဲက ၅၀၀,၀၀၀ နီးပါးဟာ ကလေးငယ်တွေ ဖြစ်ပါတယ်။
သားဖြစ်သူက ကစားနေချိန်မှာ ဖခင်ဖြစ်သူက အိမ်ရှေ့က ဖုန်တွေကို လှည်းကျင်းနေတာကို တွေ့ရပါတယ်။ သန့်ရှင်းတဲ့ သောက်သုံးရေ၊ မိလ္လာစနစ်နဲ့ ခိုလှုံရာနေရာ မလုံလောက်တဲ့ ဒုက္ခသည် စခန်းတွေမှာ ကလေးငယ်ပေါင်း ၃၀၀,၀၀၀ နီးပါး ရှင်သန်နေထိုင်နေရတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်လောက်က မြဝတီမြို့ကို စစ်ကောင်စီလက်ထဲကနေ တော်လှန်ရေးအင်အားစုတွေနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ သိမ်းပိုက်လိုက်ကတည်းက ကင်းမျှော်စင်တခု ရှိနေခဲ့တာပါ။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အနီးနားက အွန်လိုင်း ငွေလိမ်လုပ်ငန်းလုပ်ကိုင်တဲ့ နေရာ တွေကြား ပူးပေါင်းဆောင်ရွက်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေပေမဲ့ KNU ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ညနေ နေဝင်ချိန်မှာ သက်ကြီးရွယ်အို အမျိုးသမီးတယောက်ဟာ ထိုင်းနယ်စပ် မြန်မာဘက်အခြမ်းက ပုခက်ထဲမှာ တရေးတမော အိပ်စက်နေပါတယ်။
ထိုင်းစစ်သားတယောက်က မြန်မာနယ်စပ်မှာ ကင်းလှည့်နေပါတယ်။ ဒုက္ခသည်တွေနဲ့ ထိုင်းအာဏာပိုင်တွေကြား ဆက်ဆံရေးဟာ ရှုပ်ထွေးပြီး တခါတရံ တင်းမာမှုတွေ ရှိတတ်ပေမဲ့ အုပ်ချုပ်သူ စစ်ကောင်စီက နိုင်ငံရဲ့ ၂၁ ရာခိုင်နှုန်းကိုသာ အကြွင်းမဲ့ ထိန်းချုပ်ထားနိုင်တဲ့ စစ်မနိုင် စစ်မရှုံး အခြေအနေမျိုးမှာတော့ ယေဘုယျအားဖြင့် ဆက်ဆံရေးဟာ ပြေပြေလည်လည် ရှိနေပါတယ်။
ထိုင်း-မြန်မာ နယ်စပ်မြို့တွေဖြစ်တဲ့ မဲဆောက်နဲ့ မြဝတီကြားမှာ လူပေါင်းရာနဲ့ချီဟာ စစ်ကောင်စီလေတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သမိုင်းတွင်ကျန်ရစ်မဲ့ ၅ နှစ်ကြာ ပြည်တွင်းစစ်ဘေးကနေ ခိုလှုံနေကြရပါတယ်။
Global Conflict Tracker ရဲ့အဆိုအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၀ ကျော်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပါဝင်တဲ့ အတိုက်အခံအင်အားစုတွေဟာ နိုင်ငံရဲ့ ၄၂ ရာခိုင်နှုန်းနီးပါးကို ထိန်းချုပ်ထားပြီး ဒီကိန်းဂဏန်းတွေဟာ လွန်ခဲ့တဲ့ တနှစ်အတွင်း အပြောင်းအလဲ မရှိသလောက်ပါပဲ။
အမည်မဖော်လိုတဲ့ PDF သတင်းရင်းမြစ်တယောက်က “စစ်ကောင်စီဟာ သူတို့ လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေကို ပြန်မသိမ်းနိုင်တာကြောင့်ဘဲ ဗုံးကြဲတိုက်ခိုက်မှုတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ သူတို့က တနိုင်ငံလုံးကို အညံ့ခံလာအောင် ဗုံးကြဲချင်နေတာပါ။ လူပေါင်းထောင်ချီ သေဆုံးခဲ့ပြီး သန်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်” လို့ The Diplomat သတင်းကို ပြောပါတယ်။
လက်ရှိ အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြား စစ်ပွဲကနေတဆင့် စစ်ကောင်စီ လေတပ် အသုံးပြုနေတဲ့ အီရန်နိုင်ငံထုတ် လေယာဉ်ဆီ ထောက်ပံ့မှုတွေ ရပ်တန့်သွားလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်တွေဟာ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ နောက်ဆုံး တိုက်ခိုက်မှုတွေအပြီးမှာ မှေးမှိန်သွားခဲ့တယ်လို့ The Diplomat အထူးသတင်းထောက် လုခ်ဟန့်က ဆိုပါတယ်။
လုခ်ဟန့်ဟာ မကြာသေးခင်က အဲဒီဒေသကို တာဝန်နဲ့ ပြန်ရောက်သွားချိန်မှာ တွေ့ရှိခဲ့ရသလိုပဲ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ထိုင်းနိုင်ငံက နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေနဲ့ အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းခဲ့ပြီးကတည်းက နယ်စပ်လုံခြုံရေးဟာ ပိုမိုတင်းကျပ်လာခဲ့ပါတယ်။
အရပ်သားတွေကို မဲဆောက်မြို့ထဲကို ကန့်သတ်ချက်နဲ့ ဝင်ရောက်ခွင့်ပြုထားပေမဲ့ နိုင်ငံခြားသားတွေကိုတော့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကနေ မြဝတီမြို့ထဲ ဝင်ခွင့်ကို တားမြစ်ထားပါတယ်။
ဟန့်ဟာ ထိုင်းနိုင်ငံဘက် နယ်စပ်အစွန်းကနေ မြန်မာနိုင်ငံအတွင်းက လူနေမှုဘဝ ဓာတ်ပုံတွေကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
လုခ်ဟန့်
Ref: The Diplomat










