DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် လဝကဒုဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးကို ခန့်
DVB
·
June 4, 2026
Photo: Head of State
Photo: Head of State
Donate to DVB

စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က လဝကဒုဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးကို မေလကုန်ပိုင်းမှာ သူ့ရဲ့ ပြောရေးဆိုခွင့်အဖြစ် ခန့်လိုက်တယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

အိန္ဒိယခရီးစဥ်မတိုင်မီ လဝကဒုဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးကို သမ္မတပြောရေးဆိုခွင့်အဖြစ် အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ခန့်ခဲ့တာဖြစ်ပြီး နိုင်ငံတော်အဆင့် တရားဝင်ကြေညာမျိုး မရှိဘူးလို့ နေပြည်တော် သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“အိန္ဒိယခရီးစဥ်မတိုင်မီ ဒေါက်တာခိုင်ခိုင်စိုးကို ခန့်လိုက်တာ လုပ်ထုံးလုပ်နည်းအရဆို ကက(ပြည်) ဗိုလ်မှူးချုပ်ရဲရင့်အောင်ကို ပြောရေးဆိုခွင့်အဖြစ် ခန့်ရမှာ။ ဒါပေမဲ့ သမ္မတရုံးက တရားဝင် ထုတ်ပြန်တာမရှိတော့ အမြဲတမ်းပြောရေးဆိုခွင့်အတွက် ခန့်တာလား၊ အိန္ဒိယခရီးစဥ်အတွက်ပဲ ခန့်တာလား ဆိုတာ သေချာမသိရသေးဘူး။”

အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်တပ်က ပြည်တွင်းပြည်ပ သတင်းဌာနတွေနဲ့ဖွဲ့စည်းထားတဲ့ Viber Group မှာလည်း ဗိုလ်ချုပ်ဇော်မင်းထွန်း ဖယ်ရှားခံရပြီးကတည်းက သတင်းဌာနတွေက မေးသမျှ မေးခွန်းတွေ မဖြေတော့ဘူးလို့ အဆိုပါ Viber Group မှာရှိတဲ့ သတင်းထောက်တယောက်က DVB ကို ပြောပါတယ်။

“ဗိုလ်ချုပ်ဇော်မင်းထွန်း ရာထူးကျသွားကတည်းက Viber Group မှာ မေးသမျှ မဖြေတော့ဘူး။ ဒီနေ့ မေးရင် နောက်ရက်မှာ ဖြေတယ်။ တခါတလေ ဝန်ကြီးဌာနတွေက ဖြေပေးတယ်။ ထုတ်ပြန်ချက်တွေလည်း ချမပေးတော့ဘူး "လို့ ဆိုပါတယ်။

စစ်အစိုးရရဲ့ ပြန်ကြားရေးဝန်ကြီးအဖြစ် ရေပန်းစားခဲ့တဲ့ အာဏာရှင်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကျောရိုးခွဲစိတ်ကုသမှုခံယူခဲ့ရတဲ့ သတင်းထုတ်ပြန်ပြီးနောက်ပိုင်း မတ်လ ၂၅ ရက်က လူမြင်ကွင်းက ပျောက်ကွယ်သွားပြီး စုံခုံစစ်ဆေးခံရတာ အရန်အင်အားအပို့ခံရတာ စတဲ့ သတင်းမျိုးစုံ ထွက်နေပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်း နေရာမှာ စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်ရဲရင့်အောင်ကို ပေးခဲ့ပေမဲ့ အရင်ကလို သတင်းတွေထုတ်ပြန်ခွင့်မရတာဟာ အာဏာရှင်သမ္မတရဲ့ ယုံကြည်မှု မရှိသေးတာကြောင့်ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာလေ့လာသုံးသပ်တယောက်က ထောက်ပြပါတယ်။

“အာဏာမသိမ်းခင်ကတည်းက စစ်တပ်အတွက် ဖုံးဖိဖာထေးပြီး ပြောဆိုပေးတဲ့ ဇော်မင်းထွန်းလို လူတောင် သူရဲ့ကိုယ်ကျိုး ထိခိုက်လာရင် ချောင်ထိုးခံရတာဆိုတော့ ဗိုလ်မှူးချုပ်ရဲရင့်အောင်ကို လည်း စိတ်ဓာတ်စစ်ဆင်ရေးညွှန်မှူး နေရာတော့ ပေးတယ်၊ သတင်းမှန်ပြန်ကြားရေး ခေါင်းဆောင်နေရာ မပေးဘူး။ ဘာကြောင့်လံဆိုတော့ စစ်ခေါင်းဆောင်က မယုံကြည်သေးလို့ပဲ။”

စစ်အာဏာရှင်သမ္မတရဲ့ ပြောရေးဆိုခွင့်ဖြစ်လာတဲ့ ဒေါက်တာခိုင်ခိုင်စိုးဟာ ၂၀၂၅ ခုနှစ်က လဝကဝန်ကြီးဌာနမှာ ညွှန်ကြားရေးမှူးချုပ်ဖြစ်ပြီး ကြံ့ခိုင်ရေးအစိုးရလက်ထက်မှာ ဒုဝန်ကြီး ဖြစ်လာခဲ့တာပါ။

အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ ဖိတ်ကြားချက်အရ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ဟာ မေ ၃၀ ရက်ကနေ ဇွန် ၃ ရက်အထိ အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့ပြီး အဲဒီခရီးစဥ်မှာ စစ်ဘက်က ဒုဗိုလ်ချုပ်ကြီးတွေနဲ့ အရပ်ဘက်က ပြည်ထောင်စုဝန်ကြီးတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ လိုက်ပါခဲ့ကြပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013