DVB Logo
Home
မြန်မာသတင်း
ရန်ကုန်၌ မေလအတွင်း စစ်တပ်က လူငယ် ၄၀ ဝန်းကျင်ကို အဓမ္မဖမ်းဆီး 
DVB
·
May 22, 2026
Photo: စစ်တပ်ဝါဒဖြန့်တယ်လီဂရန်ချန်နယ်
Photo: စစ်တပ်ဝါဒဖြန့်တယ်လီဂရန်ချန်နယ်
Donate to DVB

ရန်ကုန်မှာ စစ်မှုထမ်းဖို့အတွက် ဒီလအတွင်း စစ်အာဏာရှင်တပ်ရဲ့ အဓမ္မဖမ်းဆီးခံရတဲ့ လူငယ် အနည်းဆုံး ၄၀ ဝန်းကျင်အထိ ရှိတယ်လို့ ရန်ကုန်မြေပြင်ကင်းထောက်အဖွဲ့က DVB ကို ပြောပါတယ်။

အဓမ္မစစ်မှုထမ်းဖို့ ဖမ်းဆီးခံရသူ အများစုဟာ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ လှိုင်နဲ့ သာကေတ မြို့နယ်တွေက အများဆုံးဖြစ်ပြီး တာမွေ၊ ဗဟန်း၊ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်း၊ လှည်းကူး၊ လှိုင်သာယာနဲ့ အင်းစိန်မြို့နယ်တွေက လူငယ်တွေလည်း ဖမ်းဆီးခံခဲ့ရပါတယ်။

Rangoon Scout Network တာဝန်ရှိသူက “အခု မေလဝက်လောက်မှာ အဖမ်းအဆီးဖြစ်စဉ်တွေ ပြန်များလာခဲ့တာဗျ။ မကြာခင် စစ်မှုထမ်းအပတ်စဉ် ၂၅ စဖို့ ရှိတာကြောင့်လို့ ယူဆပါတယ်။ စစ်မှုထမ်းစာရင်းနဲ့ နေအိမ်ထဲထိ ဝင်ဖမ်းတာတွေနဲ့ ဧည့်စာရင်း ရက်ကျော်နေလို့ဆိုပြီး ဖမ်းသွားတာတွေ များပါတယ်။ ဧည့်စာရင်းသမားတွေက ပိုက်ဆံပေးပြီး ပြန်လွှတ်တာတွေလည်း ရှိပါတယ်။ တချို့ကတော့ စစ်မှုထမ်းထဲ အထည့်ခံလိုက်ကြရပါတယ်ဗျ။ တခြားက ညဘက်တွေ လမ်းမပေါ် ရမ်းသန်း လိုက်ဆွဲတာတွေပါ” လို့ ပြောပါတယ်။

ဒီလအစကနေ ၂၁ ရက်အထိ ဧည့်စာရင်းစစ်ရင်း အဖမ်းခံရတာ ၁၀ ယောက်ဝန်းကျင်၊ လမ်းဘေး ထိုင်နေချိန် အဖမ်းခံရသူ ၁၅ ယောက်ဝန်းကျင်နဲ့ စစ်မှုထမ်းစာရင်းနဲ့ နေအိမ်ထဲထိ ဝင်ရောက် ဖမ်းဆီး ခံရတာ ၁၀ ယောက်ဝန်းကျင် ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်မှုထမ်းစတင်ချိန်တုန်းက ရန်ကုန်တိုင်းထဲက ကျေးရွာတွေမှာ လူငယ်အများစု ဖမ်းဆီးခံရတာ၊ မဲနှိုက်ရွေးချယ်ခံရတာတွေနဲ့ လူစားဝယ်ကာ စစ်မှုထမ်းစာရင်းထဲ ထည့်တာတွေ ရှိခဲ့ပြီး လက်ရှိ အချိန်မှာတော့ ရန်ကုန်မြို့တွင်းက မြို့နယ်တွေမှာပါ ဖမ်းဆီးမှုတွေ များလာနေတာလို့ ရန်ကုန်မြို့ခံ တချို့က ပြောပါတယ်။

ဗဟန်းမြို့နယ်မှာ နေထိုင်သူတယောက်က “အရင်က မြို့စွန်တွေက လူတွေ ပါသွားတာ များတယ်။ အခုက မြို့တွင်းက လူငယ်တွေပါ ခဏခဏပျောက်တာ။ အဖမ်းခံရတာတွေ ပိုစိပ်လာတယ်။ ညအချိန်မတော် သွားတာ လာတာတွေ သတိထားရင် ကောင်းမယ်” လို့ ပြောပါတယ်။

ဖမ်းဆီးမှုတွေကို အရပ်ဝတ်နဲ့ လူတချို့က အိမ်စီးကားတွေနဲ့ ကျူးလွန်ကြတာဖြစ်ပြီး လမ်းမပေါ်မှာ တွေ့တဲ့ လူငယ်တွေကို ကားပိတ်ရပ်ကာ ရိုက်နှက်ဖမ်းဆီးတာတွေလည်း ရှိတယ်လို့ ကိုယ်တိုင် ကြုံခဲ့ရသူတချို့က ပြောပါတယ်။

ရန်ကုန်မြို့မှာ အခုနှစ် ဇန်နဝါရီက ၇၈ ယောက်၊ ဖေဖော်ဝါရီမှာ ၅၈ ယောက်၊ မတ်လမှာ ၉၉ ယောက်၊ ဧပြီမှာ ၃၂ ယောက်နဲ့ ဒီလ ၂၁ ရက်အထိ အဖမ်းခံရသူ အယောက် ၄၀ ဝန်းကျင် ရှိနေပြီလို့ Rangoon Scout Network ရဲ့ အချက်အလက်တွေမှာ ဖော်ပြတယ်။

စစ်အာဏာရှင်တပ်က စစ်မှုထမ်းသင်တန်းအပတ်စဉ် ၂၅ အတွက် လိုအပ်တဲ့ လူအင်အားရဖို့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်လို မြို့ကြီးတွေ အပါအဝင် နယ်မြို့တွေနဲ့ ကားလမ်းမတွေပေါ်မှာရှိတဲ့ ဂိတ်စခန်းတွေကနေ လူငယ်တွေကို ဖမ်းဆီးတာ၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာလည်း ရုတ်တရက် ဝင်ရောက် ဖမ်းဆီးတာတွေ လုပ်ဆောင်နေပါတယ်။

တော်လှန်ရေးအင်အားစုတွေနဲ့ မြေပြင်ကင်းထောက်အဖွဲ့တွေကတော့ လူငယ်တွေအနေနဲ့ နေထိုင်တဲ့ ရပ်ကွက်ကျေးရွာထဲမှာ သတင်းတွေ နားစွင့်ဖို့၊ ကြိုတင်ပြင်ဆင်ထားဖို့နဲ့ အပြင်ထွက်ချိန်မှာလည်း လူပြတ်တဲ့နေရာတွေ ရှောင်ဖို့၊ အချိန်မတော် အပြင်ထွက်တာတွေ သတိထားဖို့ ပြောဆို နေကြပါတယ်။

စစ်အာဏာရှင်တပ်ဟာ တလကို လူ ၅,၀၀၀ အထိ ပါဝင်မဲ့ အဓမ္မစစ်မှုထမ်းစေမှုကို ပြုလုပ်နေတာ ဖြစ်ပြီး အခုဆိုရင် သင်တန်းအပတ်စဉ် ၂၅ အထိ ရောက်ရှိလာပြီဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013