DVB Logo
Home
မြန်မာသတင်း
ကနီမြို့နယ်၌  စတားလင့်ခ်အင်တာနက် အခွန်တိုးမြှင့်ကောက်သဖြင့် ဒေသခံများ အခက်ကြုံ
DVB
·
June 17, 2026
Photo: DPRA
Photo: DPRA
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က သူတို့ထိန်းချုပ်ဒေသမှာရှိတဲ့ စတားလင့် အင်တာနက်ဆိုင်တွေကို ဇွန်လ အစောပိုင်းကတည်းက စပြီး အခွန်တိုးမြှင့်ကောက်ခံတဲ့အတွက် အင်တာနက်အသုံးပြုခ ခုန်တက်သွားတာကြောင့် အခက်အခဲကြုံရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ကနီ(ပအဖ)ရဲ့ ညွှန်ကြားချက်အရ မြို့နယ်တွင်းက စတားလင့် အင်တာနက်ဆိုင်တဆိုင်ကို ၆ လစာအတွက် အခွန် ကျပ် ၅ သိန်း ဆောင်ရမှာဖြစ်ပြီး တနှစ်စာအတွက် ကျပ် ၁၀ သိန်း ပေးရမှာပါ။

စတားလင့် အင်တာနက်ဆိုင်ရှင်တယောက်က “ပြည်သူတွေ အဆင်ပြေရေးကို ပိုဦးစားပေးစေချင်တယ်။ အခွန်ကောက်တာကို မပြောလိုပေမဲ့ ညှိနှိုင်းပြီးမှ ကောက်သင့်တယ်။ အခုက စတားလင့်စက်တွေက များလာတော့ ဝင်ငွေကလည်း အဲဒီလောက် မကောင်းဘူး။ တဆိုင်နဲ့ တဆိုင်က ဝင်ငွေက အဲဒီလောက် မတူဘူးလေ။ ကောင်းတဲ့ဆိုင် ကောင်းတယ်၊ မကောင်းတဲ့ဆိုင် မကောင်းဘူး။ ဘာပဲပြောပြော ညှိနှိုင်းပြီးမှ ကောက်စေချင်တယ်” လို့ ပြောပါတယ်။

အရင်က ကနီမြို့နယ်မှာ စတားလင့် အင်တာနက် အသုံးပြုခ တနာရီကို ကျပ် ၅၀၀ သာ ကျသင့်တာ ဖြစ်ပြီး တနေကုန်ကို ၂,၀၀၀၊ တလအသုံးပြုရင် ကျပ် ၂၀,၀၀၀ နဲ့ ၃၀,၀၀၀ ကြား ကျသင့်တယ်လို့ ဆိုင်ရှင်တွေက ဆိုပါတယ်။

လက်ရှိမှာ စတားလင့်အသုံးပြုခ တနာရီကို ကျပ် ၁,၀၀၀၊ တနေကုန်သုံးရင် ကျပ် ၅,၀၀၀ နဲ့ တလကို ကျပ် ၅၀,၀၀၀ တိုးမြှင့် ကောက်ခံတဲ့အတွက် အင်တာနက်အသုံးပြုခ နှစ်ဆကျော် မြင့်တက်သွားတယ်လို့ ဆိုင်ရှင်တွေက ပြောပါတယ်။

ဒေသတွင်းမှာ စစ်အာဏာရှင်တပ်ရဲ့ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်မှုတွေကြောင့် စတားလင့်အင်တာနက်ကို အားကိုး အသုံးပြုနေရသူတွေအတွက် ကုန်ကျစရိတ် ပိုမြင့်မားလာသလို တော်လှန်ရေးအစိုးရ ပညာရေးကို အွန်လိုင်းက သင်ယူနေတဲ့ မိသားစုတွေလည်း ကုန်ကျစရိတ် ပိုတိုးသွားတယ်လို့ ကနီမြို့နယ်တွင်းက စတားလင့် အင်တာနက် အသုံးပြုသူတချို့က ပြောပါတယ်။

ကနီမြို့နယ်မှာ NUG အစိုးရရဲ့ ကြားကာလပညာရေး သင်ကြားနေတဲ့ ကျောင်းသားမိဘတယောက်က “အခွန်ကောက်တာကတော့ ဖြစ်သင့်ပေမဲ့ ကြားကာလ ပညာရေး သင်ကြားနေတဲ့ ကလေးတွေအတွက်ကျ အခက်တွေ့ပါတယ်။ တနေကုန် ၅,၀၀၀ ပေးရတယ် ဆိုတာက အညာမှာ စစ်ကြောင့် အလုပ်အကိုင်တွေကလည်း ခက်ခဲနေတာလေ။ မြေပြင်မှာ စာသင်နေတဲ့ ကလေးတွေအတွက်ကျ။ အရင်ကတည်းက စစ်ကြောင့် အလုပ်အကိုင်ခက်ခဲလို့ ဝင်ငွေမရှိပါဘူးဆို၊ အခုကျ ပိုခက်ခဲကုန်တာပေါ့။ ပညာသင်စရိတ်မကုန်ဘဲ အင်တာနက်ဖိုး ကုန်နေရတယ်” လို့ ပြောပါတယ်။

စတားလင့်စက်တွေ အင်တာနက် အသုံးပြုနိုင်ဖို့ တလကို ဒေါ်လာဈေး အတက်အကျပေါ် မူတည်ပြီး ကျပ် ၄ သိန်းဝန်းကျင်အထိ စတားလင့်ကုမ္ပဏီကို ပေးဆောင်နေရတာကြောင့် အခွန်ကောက်မှုကို ညှိနှိုင်းပေးစေချင်တယ်လို့ အင်တာနက်ဆိုင်ရှင်တချို့က ပြောပါတယ်။

ကနီ(ပအဖ) ဟာ အခွန်သာ တိုးမြှင့်ကောက်ခံပေမဲ့ စတားလင့် အင်တာနက်စက်တွေနဲ့ ပတ်သက်ပြီး နည်းပညာပိုင်းအရ အခက်အခဲကြုံရတဲ့အခါ အကူညီပေးတာမျိုးလည်း မရှိဘူးလို့ မြေပြင် ဆိုင်ရှင်တချို့က ပြောပါတယ်။

ကနီမြို့နယ်တွင်းက စတားလင့် အင်တာနက်ဆိုင်တွေကို အခွန်တိုးမြှင့်ကောက်ခံတာနဲ့ ပတ်သက်လို့ DVB အနေနဲ့ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဆက်သွယ်ထားပေမဲ့ သတင်းဖော်ပြချိန်အထိ အကြောင်းပြန် ဖြေကြားတာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013