
ယာဘစိတ်ကြွရူးသွပ်ဆေးပြားကို ထိုင်းနိုင်ငံက ယူနက်စကို ကမ္ဘာ့အမွေအနှစ်အဖြစ် စာရင်းတင်သွင်းထားတယ်ဆိုတဲ့ သတင်းတုတွေနဲ့ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေက မဟုတ်မှန် ဘူးလို့ ငြင်းဆိုလိုက်တဲ့အကြောင်း Khaosod သတင်းမှာ ဩဂုတ် ၁၈ ရက်က ဖော်ပြပါတယ်။
အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မျာ ပျံ့နှံ့နေတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ သတင်းတုတိုက်ဖျက်ရေးစင်ကာက စိစစ်ပြီးတော့ တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
အဆိုပါ ပို့စ်ဟာ AI နည်းပညာနဲ့ ဖန်တီးထားတဲ့ ရောပြွမ်းအကြောင်းအရာတွေဖြစ်ပြီး ဟာသ/သရော်စာအနေနဲ့ လုပ်ဆောင်ထားတာကို တွေ့ရတဲ့အကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ဒါ့အပြင် ယာဘ စိတ်ကြွမူးယစ်ဆေးဝါးဟာ တရားမဝင် မူးယစ်ဆေးဝါးဖြစ်တာကြောင့် ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ဖို့ မဖြစ်နိုင်ကြောင်းနဲ့ မဟုတ်မမှန် သတင်းတုတွေသာ ဖြစ်ကြောင်း သက်ဆိုင်ရာက အတည်ပြုထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက ထိုင်းရိုးရာ “ခွန်” ဘီလူးအက၊ ၂၀၁၉ ခုနှစ်မှာ ရိုးရာအနှိပ်ပညာ၊ ၂၀၂၁ ခုနှစ်က နိုရာနတ်သမီး/နတ်သားအကတို့နဲ့ ယူနက်စကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အသိအမှတ်ပြုခံခဲ့ရသလို ၂၀၂၃ ခုနှစ်မှာ ဆုန်ကရန် ရိုးရာသင်္ကြန်ပွဲတော်ကို ထပ်မံအသိအမှတ်ပြုခံခဲ့ရပါတယ်။











