
ဆလိုဗက်ကီးယားနိုင်ငံအရှေ့ပိုင်းက မောင်းသူမဲ့လေယာဉ်စနစ်တွေ ထုတ်လုပ်တဲ့ စက်ရုံတရုံကို မီးရှို့တိုက်ခိုက်ဖို့ ကြံစည်မှုကို ရဲတွေက ဟန့်တားခဲ့ပြီး ကြိုးပမ်းမှုအတွက် သံသယရှိတဲ့ နိုင်ငံခြားသား ၃ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က သြဂုတ် ၂၅ ရက်မှာ ပြောပါတယ်။
သံသယရှိသူ ၂ ယောက်ကို ဆလိုဗက်ကီးယားမှာ ဖမ်းဆီးခဲ့ပြီး တယောက်ကိုတော့ ဂျာမနီနိုင်ငံမှာ ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ပစ္စည်းတွေ ပျက်စီးဆုံးရှုံးတာ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သူတို့က ပြောပါတယ်။
ရဲတွေက မီးလောင်စေတဲ့ ရောစပ်ပစ္စည်း၊ ကိရိယာတွေ၊ မိုဘိုင်းဖုန်းတွေ၊ ကင်မရာနဲ့ လက်ရေးပုံစံ အမြောက်အမြားကို သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပြီး စီစဉ်ထားတဲ့ တိုက်ခိုက်ချိန်မှာ စက်ရုံထဲမှာ လူ ၇၀ လောက် ရှိနေတယ်လို့ သိရပါတယ်။
ရဲစုံစမ်းစစ်ဆေးရေးမှူးတွေက သံသယရှိသူတွေကို အများပြည်သူဆိုင်ရာ အန္တရာယ်ဖြစ်စေမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။
ဆလိုဗက်ရဲတွေက ပစ်မှတ်ထားခံရတဲ့ စက်ရုံကို နာမည်မဖော်သလို တိကျတဲ့တည်နေရာကို မဖော်ပြခဲ့ဘဲ သံသယရှိတဲ့ အဖွဲ့အစည်းကိုလည်း နာမည်မဖော်ခဲ့ပါဘူး။
နေတိုးနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် ဆလိုဗက်ကီးယားနိုင်ငံဟာ အရှေ့ဘက်မှာ ယူကရိန်းနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။
Source: Reuters











