
အီရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အမီယာ ဟာတာမီဟာ မြေအောက် ဒရုန်းထုတ်လုပ်ရေး စက်ရုံတခုကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ အောက်တိုဘာ ၂၂ ရက်က အီရန်နိုင်ငံပိုင် ရုပ်သံမှာ ဗီဒီယိုဖိုင် ထုတ်လွှင့်ခဲ့ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဟာတာမီက “အီရန်ဟာ ကောင်းမွန်တဲ့ အခြေခံအဆောက်အအုံ၊ သိပ္ပံနည်းကျ လုပ်ဆောင်ချက်တွေ အပါအဝင် နည်းပညာအခြေပြု ကုမ္ပဏီတွေ၊ တက္ကသိုလ်တွေနဲ့ အဖွဲ့အစည်း အသီးသီးက ကျွမ်းကျင်ပညာရှင်တွေရဲ့ အထောက်အပံ့နဲ့အတူ အင်မတန် ကြီးမားကျယ်ပြန့်တဲ့ ဒရုန်းထုတ်လုပ်ရေး စင်တာတွေကို တိုးချဲ့လုပ်ဆောင်နေတယ်” လို့ နိုင်ငံပိုင် ရုပ်သံသတင်းထောက်နဲ့ တွေ့ဆုံရာမှာ ပြောပါတယ်။
အမေရိကန်အစိုးရရဲ့ အဆိုအရ စစ်ပွဲမဖြစ်ပွားခင်က အီရန်ဟာ လေကြောင်းကာကွယ်ရေးစနစ်တွေ ကြားဖြတ်ဟန့်တားဖို့ ခက်ခဲတဲ့ အစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်တဲ့ ခဲယမ်းမီးကျောက်တွေ အပါအဝင် အရှေ့အလယ်ပိုင်းမှာ ပဲ့ထိန်းဒုံးကျည် လက်ကျန်အများဆုံး ပိုင်ဆိုင်ထားတဲ့နိုင်ငံ ဖြစ်ပါတယ်။
ဒါ့အပြင် အီရန်မှာ ဖွံ့ဖြိုးတိုးတက်တဲ့ ဒရုန်းလုပ်ငန်းလည်း ရှိပြီး စစ်ပွဲမဖြစ်ပွားခင်က တလကို ဒရုန်း ၁၀,၀၀၀ ဝန်းကျင်အထိ ထုတ်လုပ်နိုင်ခဲ့ကာ ရှာဟက်ဒ်ဒရုန်းဟာ သူတို့ရဲ့ အဓိက အထင်ကရ ဖောက်ခွဲရေးလေယာဉ်တစင်း ဖြစ်ပါတယ်။
ဖေဖော်ဝါရီလမှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို လေကြောင်းတိုက်ခိုက်မှုတွေ စတင်ခဲ့ချိန်ကတည်းက ဒီစစ်ပွဲလည်း စတင်ခဲ့တာ ဖြစ်ပါတယ်။
ထရမ့်ပ် အစိုးရအဖွဲ့က အီရန်ရေတပ်ကို နစ်မြုပ်စေတာ၊ ဒုံးကျည်နဲ့ ဒရုန်းစွမ်းရည်တွေကို ဖျက်ဆီးတာနဲ့ အစ္စလာမ္မစ်သမ္မတနိုင်ငံတော် အနေနဲ့ နျူကလီးယားလက်နက် လုံးဝမပိုင်ဆိုင်စေရေး သေချာလုပ်ဆောင်တာတွေနဲ့ အီရန်ရဲ့ စစ်ရေးအရှိန်အဟုန်ကို အားနည်းသွားစေဖို့ ရည်ရွယ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်၊ အစ္စရေးနဲ့ အနောက်အုပ်စု မဟာမိတ်တွေကတော့ အီရန်ဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ရှည်လျားစွာ စွပ်စွဲခဲ့ကြပေမဲ့ အီရန်ဘက်ကလည်း အဲဒီစွပ်စွဲချက်ကို တောက်လျှောက် ငြင်းဆိုထားပါတယ်။
Source: Reuters











