
ထိုင်းအစိုးရဟာ ဉာဏပစ္စည်းဆိုင်ရာမူပိုင်ခွင့်ချိုးဖောက်မှုတွေကို နှိမ်နင်းဖို့ ကြိုးပမ်းမှုတွေ တိုးမြှင့် လုပ်ဆောင်တာမှာ ၂၀၂၆ ဘဏ္ဍာနှစ်ရဲ့ ပထမ ၆ လအတွင်းမှာပဲ အတုအပပစ္စည်းတွေ တန်ဖိုး ဘတ်ငွေ ၂ ဒသမ ၃ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြ ပါတယ်။
ဒါဟာ ထိုင်းနိုင်ငံရဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ် ယုံကြည်မှုကို မြှင့်တင်ဖို့ ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ပါတယ်။
ထိုင်းအာဏာပိုင်တွေဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၆ ခုနှစ် မတ်လအထိ အမှုပေါင်း ၃၃၂ မှုကို အရေးယူခဲ့ပြီး ဈေးဝယ်စင်တာတွေ၊ ကုန်လှောင်ရုံတွေ၊ နယ်စပ်ဂိတ်တွေနဲ့ အွန်လိုင်းပေါ်က ရောင်းဝယ်မှုတွေကို ပစ်မှတ်ထား ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဒုဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီးဖြစ်တဲ့ အေကနစ်နိထိထန်ပရာဖတ်က"ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနအားလုံးကို ဉာဏပစ္စည်းဆိုင်ရာ ချိုးဖောက်မှုတွေ တားဆီးဖို့နဲ့ ထိုင်းနိုင်ငံရဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်အပေါ် ယုံကြည်မှု ခိုင်မာစေဖို့ ကြိုးပမ်းအားထုတ်မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ ညွှန်ကြားထားပါတယ်" လို့ ပြောပါတယ်။
နာမည်ကြီးအမှတ်တံဆိပ် Brand တွေကို တုပထားတဲ့ လက်ကိုင်အိတ်တွေ၊ ဖိနပ်တွေအပါအဝင် ပစ္စည်းအတုတွေ ဖမ်းဆီးရမိမှုဟာ ၂၀၂၅ ဘဏ္ဍာနှစ်တခုလုံးရဲ့ တန်ဖိုး ဘတ် ၁ ဒသမ ၃ ဘီလီယံထက် ၇၈ ရာခိုင်နှုန်း မြင့်တက်လာတာဖြစ်ပြီး အရေးယူဆောင်ရွက်မှုတွေကို ရုပ်ပိုင်းဆိုင်ရာ ဈေးကွက် တွေသာမက အွန်လိုင်းဈေးကွက်တွေအထိပါ တိုးချဲ့လုပ်ဆောင်ခဲ့တယ်လို့ ဝန်ကြီးက ပြောပါတယ်။










