
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ခြေတော်ရာအနီးက စမ်းချောင်းမှာ ဓာတ်ပုံရိုက်ရာကနေ ခြေချော်ကျတာကြောင့် ဆယ်ကျော်သက် အရွယ် လူငယ် ၂ ယောက် ရေနစ်သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသွားတဲ့သူတွေကတော့ တောင်ကုတ်မြို့နယ်၊ အောင်သပြေရွာက မောင်ထက်နိုင်လင်း(ခ)သားချေ အသက် ၁၉(နှစ်) နဲ့ မဆုပန်လွင် အသက်၁၈(နှစ်) တို့ ဖြစ်ကြပါတယ်။
တောင်ကုတ်မြို့နယ် မအီမြို့ခြေတော်ရာကို မေ ၉ ရက် မနက်က သူငယ်ချင်းတွေနဲ့အတူတူ ဘုရားသွားဖူးကြရင်း ခြေတော်ရာအနီးက စမ်းချောင်းမှာ ဓာတ်ပုံရိုက်ရင်း အခုလို မတော်တဆဖြစ်က သေဆုံးသွားခဲ့ကြတာလို့ မအီဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။
“မတော်တဆဖြစ်သွားတာပါ။ စမ်းချောင်းက ကျောက်တုံးပေါ်မှာ ဓာတ်ပုံရိုက်ရင်း မိန်းကလေး ခြေချော်ကျသွားတာကို သူ့သူငယ်ချင်းယောက်ျားလေးက ကယ်ဆယ်ရင်း နှစ်ယောက်လုံး ရေနစ်ပြီး ဆုံးသွားကြတာ။”
ရေနစ်သေဆုံးသွားသူ ၂ ယောက်ကို သူတို့ရဲ့ သူငယ်ချင်းတွေနဲ့ အနီးအနားရှိဒေသခံ ကျေးရွာသားတွေ လိုက်လံရှာဖွေခဲ့ရာ မေ ၉ ရက်နေ့ တရက်တည်း ညနေ ၄ နာရီလောက်မှာ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ရုပ်အလောင်းတွေက အဲဒီနေ့ညနေပိုင်းလောက်မှာ ဆယ်လို့ရခဲ့ပါတယ်။ မိဘတွေ၊ သူငယ်ချင်းတွေကတော့ စိတ်မကောင်းဖြစ်ကြတာပေါ့။ အခု သူတို့အလောင်းတွေကို သက်ဆိုင်ရာကို အပ်လိုက်ပါပြီ။”
ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်ကလည်း တောင်ကုတ်မြို့နယ်၊ လမူးမော်ကျေးရွာမှာ ချောင်းထဲကို ရေဆင်းကစားရာကနေ ကလေးငယ်တယောက် ရေနစ်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ မိုးရာသီ မိုးဦးကာလ ရေချိုချောင်းတွေ၊ မြစ်တွေ၊ အင်းအိုင်တွေဟာ ရေစီးသန်ပြီး ရေပြည့်ရေလျှံတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ သတိထားသွားလာနေထိုင်ကြဖို့ အာရက္ခတပ်တော်ကလည်း သတိပေးတိုက်တွန်းထားပါတယ်။










