ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်းခရိုင်၊ မယ့်ကျန်းမြို့နယ်ထဲမှာ ကျောင်းထိုင်ဆရာတော်တပါး ကျောင်းအလှူငွေနဲ့ ကိုယ်ပိုင်ငွေ ဘတ် ၈ သန်းကျော် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ လိမ်လည်ခံခဲ့ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မယ့်ကျန်းမြို့နယ် မယ့်ခမ်းကျေးရွာအုပ်စု မယ့်ခမ်းကျောင်းတိုက်မှာ ကျောင်းအလှူငွေတွေ ပျောက်ဆုံးနေတဲ့ကိစ္စ စုံစမ်းစစ်ဆေးပြီးတဲ့နောက် မယ့်ကျန်းမြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်သံဃနာယက နဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေက ဩဂုတ် ၉ ရက်မှာ အဆိုပါကျောင်းတိုက်ကို ရွာသားတွေ ခေါ်ယူပြီး အခြေအနေတွေ ရှင်းလင်းပြောပြခဲ့ပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလက ဘဏ်ဝန်ထမ်းဆိုသူက မယ့်ခမ်းကျောင်းထိုင်ဆရာတော်ထံ ဖုန်းဆက်သွယ်လာပြီး ဆရာတော်ရဲ့ ဘဏ်ထဲက ငွေတွေဟာ ထိုင်းတောင်ပိုင်း မသမာမှု ငွေကြေးခဝါချမှုနဲ့ ပတ်သက်တယ်လို့ ရဲစခန်းက ပြောကြောင်း၊ သက်ဆိုင်ရာ ရဲအရာရှိနဲ့ တိုက်ရိုက်ပြောဆိုဖို့ ချိတ်ဆက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ရဲအရာရှိ ဆိုသူကလည်း သူ့ရာထူးနဲ့ စခန်းကို မိတ်ဆက်တယ်၊ အဲဒီနောက် ဆရာတော်ရဲ့ ဘဏ်အကောင့်ဟာ ငွေကြေးခဝါချဂိုဏ်းစာရင်းထဲ ရောက်နေတယ်၊ စစ်ဆေးစရာရှိလို့ ဘဏ်ထဲက ငွေတွေ လွှဲခိုင်းတယ်၊ စစ်ဆေးပြီးလို့ ပတ်သက်မှု မရှိရင် အဲဒီငွေတွေ ပြန်လွှဲပေးမယ်လို့ ပြောပါတယ်။
အဆိုပါအရာရှိဆိုသူဟာ သူ့ရဲ့ ဝန်ထမ်းကတ်၊ ရဲတပ်ဖွဲ့စည်းပါ အမှုတွဲ၊ စာရင်းဇယား စာရွက်စာတမ်းတွေ ပြသလို့ ဆရာတော်က တကယ်ယုံကြည်ပြီး ပထမဆုံးအကြိမ်အနေနဲ့ သူ့ ဘဏ်စာအုပ်ထဲကငွေ ဘတ် ၅၀,၀၀၀ အရင်ဆုံးလွှဲပေးခဲ့ရတယ်၊ ဒီကိစ္စဟာ ဌာနဆိုင်ရာတွင်း လျှို့ဝှက်အမှုဖြစ်တဲ့အတွက် ပြင်ပကို မပေါက်ကြားစေရ၊ မလိုက်နာက ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်ထိ ကျခံရမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
အဲဒီနောက် အမှုကိစ္စ အကြောင်းအမျိုးမျိုးပြပြီး ငွေတွေလွှဲ ခိုင်းတာမှာ ၂၀၂၅ ဇန်နဝါရီ ၁၂ ရက်မှ - ၂၀၂၆ ဩဂုတ် ၄ ရက်ထိ ဘဏ်အကောင့် ၆၆ ခုကို အကြိမ်ပေါင်း ၂၀၇ ကြိမ် ငွေပမာဏပေါင်း ဘတ် ၈,၇၄၅,၁၈၀ (ရှစ်သန်းခုနစ်သိန်းကျော်) လွှဲပေးခဲ့ပါတယ်။
အဲဒီနောက် ရဲအရာရှိ ဆိုသူက ကျောင်းတိုက်ကိုလည်း လာရောက်စစ်ဆေးဖို့ရှိတယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးထံလည်း အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။ ဆရာတော်က ကျေးရွာအုပ်ချုပ်ရေးမှူးကို မေးမြန်းရာမှာ ဘယ်သူမှ မဆက်သွယ်၊ ဘာမှမသိရဘူးလို့ ပြောပါတယ်။ အဆိုပါ ရဲအရာရှိကိုလည်း ဆက်သွယ်လို့ မရတော့တာကြောင့် ရဲစခန်းကို သွားရောက်အမှုဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရွာသားတွေကတော့ ဆရာတော်နဲ့ ဂေါပကအဖွဲ့၊ ကျောင်းဝေယျာဝစ္စအဖွဲ့ကို ကျောင်းအလှူငွေ လိမ်လည်မှုနဲ့ အရေးယူပေးဖို့ ရဲစခန်းကို တိုင်ကြားထားတယ်။
လောလောဆယ် မြို့နယ်သံဃနာယကအဖွဲ့က သက်တော် ၆၄ နှစ် ဝါတော် ၃၈ ဝါရှိ အဆိုပါ ကျောင်းထိုင်ဆရာတော်ကို ရာထူးမှ ချထားပြီး၊ ငွေလိမ်ဂိုဏ်းကို စုံစမ်းဖော်ထုတ်အရေးယူသွားမှာ ဖြစ်သလို ဂေါပကလူကြီးနဲ့ ကျောင်းကော်မတီတွေကိုလည်း ဆက်လက်စစ်ဆေးသွားမယ်လို့ မယ်ကျန်းနယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
Source: CH7 HD News / MGR Online










