DVB Logo
Home
မြန်မာသတင်း
မံစီတိုက်ပွဲ အစိုးရတပ် ၅ ဦးသေ၊ ၁၆ ဦးဒဏ်ရာရ
DVB
·
September 30, 2015
မံစီတိုက်ပွဲ အစိုးရတပ် ၅ ဦးသေ၊  ၁၆ ဦးဒဏ်ရာရ
Donate to DVB

မံစီမြို့နယ်အတွင်း  ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ အစိုးရတပ်ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာမှာ အစိုးရတပ်ဘက်က အရာရှိ ၁ ဦး အပါအ၀င် စစ်သည် ၅ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရသွားတယ်လို့  စစ်တပ်ပိုင် မြ၀တီသတင်းက ထုတ်ပြန်ပါတယ်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့ အရှေ့တောင်ဘက် ၁ မိုင်လောက်အကွာ တောင်ကုန်းမှာ တပ်စွဲထားတဲ့ ကေအိုင်အေနဲ့ အစိုးရတပ်တွေအကြား စက်တင်ဘာ ၂၆ ကနေ ၂၈ အထိ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားပြီး အရာရှိ ၁ ဦး သေဆုံးကာ စစ်သည် ၄ ဦး ဒဏ်ရာရခဲ့ကြတာလို့ ဆိုပါတယ်။

လိုက်ကာ၊ ဆွတ်ဂျာနယ်မြေအတွင်း တပ်မတော်စစ်ကြောင်းတွေ နယ်မြေ ရှင်းလင်းရာမှာတော့  စက်တင်ဘာ ၁၄ ရက်ကနေ ၁၈ ရက်အထိ မိုင်းဖြစ်စဉ် ၄ ကြိမ်နဲ့ ထိတွေ့မှု ၆ ကြိမ်ဖြစ်ပွားပြီး တပ်မတော် စစ်သည် ၃ ဦး သေဆုံး၊  ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိုင်ခေါင်-မံစီ ကားလမ်းမပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခံရလို့ တပ်မတော်က စစ်သည် ၁ ဦး သေဆုံး၊ ၈ ဦး ဒဏ်ရာရရှိခဲ့သလို ပြည်သူ ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကေအိုင်အေ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရအကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ) ကို အောက်တိုဘာလဆန်းမှာ လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးပမ်းနေချိန်မှာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာပါ။

စက်တင်ဘာ ၂၉ ရက် မနေ့ကလည်း မံစီမြို့နယ် ရွာသစ်ကုန်းရဲ့ အရှေ့ဘက် ၁ မိုင်အကွာက လုံဂျာဘွပ်ဆိုတဲ့ ရွာဘက်မှာ တိုက်ပွဲဖြစ်ပွားနေပြီး မံစီမြို့မှာ အခြစိုက်တဲ့ အစိုးရတပ်က မြို့လယ်ကနေ လှမ်းကူပစ်ပေးနေတယ်လို့ လူမှုအခြေပြု ပဋိပက္ခစောင့်ကြည့်ရေး အဖွဲ့ဝင်  ဦးခါးအောင်က ဒီဗွီဘီကို ပြောပါတယ်။

“မနေ့တုန်းက အစိုးရတပ်က မြို့လယ်စေတီကုန်းပေါ်ကနေ လုံဂျာဘွပ်ဘက်ကို နာရီဝက်ခြား တခါ၊ တနေကုန်ပစ်တယ်။ ကျနော်လည်း မံစီမှာရှိနေတာ အသံအကျယ်ကြီးပဲ၊ မနက် ၉ နာရီလောက်ကစပြီးပစ်တာ နာရီဝက်ခြားတခါ ၁၅ မိနစ်နေတခါ အဲလိုပဲ၊ ရပ်လိုက်ပစ်လိုက်နဲ့ ည ၇ နာရီလောက်မှာ ငြိမ်သွားတယ်။ ဒီနေ့တော့ ဘာသံမှ မကြားရသေးဘူး၊ နေ့ခင်းပိုင်းဆိုရင်တော့ မပြောတတ်ဘူး၊ မံစီမြို့မှာ တချို့ စာသင်ကျောင်းတွေ ရုံးတွေ ပိတ်ထားတယ်။”

ခုရက်ပိုင်းအတွင်းဖြစ်ပွားတဲ့ ပစ်ခတ်မှုကြောင့် လုံဂျာဘွပ်ဘက်က ကေအိုင်အေ ရှေ့တန်းစခန်း ၂ ခု ဆုတ်ခွာပေးလိုက်ရကြောင်းနဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေရတဲ့ ရွာသားတွေလည်း အိမ်ပြန်လို့ မရသေးကြောင်း ဦးခါးအောင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013