
ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ဘိန်းဖြူမှောင်ခိုသွင်းမှုနဲ့ ပြီးခဲ့တဲ့အပတ်က အဖမ်းခံခဲ့ရတဲ့ ထိုင်းလေကြောင်းလိုင်းဝန်ထမ်းလေယာဉ်မယ်ရဲ့ ဘန်ကောက်၊ ဘန်နာနယ်မြေထဲက ကွန်ဒိုအခန်းကို ထိုင်းမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) အရာရှိတွေက မနေ့က ဝင်ရောက်စီးနင်း ရှာဖွေခဲ့တယ်လို့ ထိုင်းတရားရေးဝန်ကြီး ရုတ္တဖွန်း နဝရတ်က ဇွန် ၃၀ ရက်မှာ ပြောပါတယ်။
အဲဒီလို သွားရှာချိန်မှာ ထိုင်းလေယာဉ်မယ်မီနာရဲ့ ချစ်သူနဲ့ တွေ့ဆုံခဲ့ပြီး သူကလည်း အရာရှိတွေကို ပူးပေါင်းကူညီခဲ့ပါတယ်။
အခန်းထဲမှာတော့ ဆင်ရုပ်ပါတဲ့ လက်ဆွဲအိတ်တွေ ထည့်သွင်းပေးပို့ဖို့ အသုံးပြုခဲ့တဲ့ ပါဆယ် သေတ္တာကလွဲလို့ တရားမဝင်ပစ္စည်း ဘာမှမတွေ့ရှိခဲ့ပါဘူး။
မီနာ့ရဲ့သူငယ်ချင်းတွေကို ကနဦးမေးမြန်းကြည့်ချက်အရ သူဟာ အပိုဝင်ငွေရအောင်ဆိုပြီး တခြားသူ တွေအတွက် ပစ္စည်းတွေ ပြည်ပကို သယ်ပေးလေ့ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် သူ့ရဲ့ ဘဏ်စာရင်းကို စစ်ဆေးကြည့်ရာမှာလည်း ထူးခြားတဲ့ ငွေအဝင်အထွက် မတွေ့ရဘဲ ဘဏ်ထဲမှာ ပိုက်ဆံအများကြီး ရှိမနေဘူးလို့ ဝန်ကြီးက ဆိုပါတယ်။
ဒီတရားမဝင်မူးယစ်ဆေးဝါးတွေ ဘယ်ကနေ ရောက်လာလဲဆိုတဲ့ ရင်းမြစ်ကို လိုက်လံစုံစမ်းဖို့ အတွက် အရာရှိတွေက ဆက်လက် စစ်ဆေးနေကြပါတယ်။
စုံစမ်းစစ်ဆေးမှုတွေအရ ဇွန် ၂၂ ရက်က အမျိုးသားတယောက်ဟာ အဲဒီကွန်ဒိုရှေ့ကို ပါဆယ်ထုပ် တခု လာပို့ခဲ့တာကို စီစီတီဗွီမှတ်တမ်းမှာ တွေ့ခဲ့ရပြီး အဲဒီလူဟာ အဆောက်အအုံထဲကို ဝင်မသွားဘဲ ညဘက်ကြီး ဟူဒီခေါင်းစွပ်အင်္ကျီ ဝတ်ပြီး လာပို့သွားတာဖြစ်လို့ ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ ONCB က ဆက်လက်စုံစမ်းနေပါတယ်။
အသက် ၂၆ နှစ်အရွယ် ထိုင်းအမျိုးသမီးဟာ ဇွန် ၂၅ ရက်က မဲလ်ဘုန်းလေဆိပ်ကို ရောက်ရှိ လာချိန်မှာ လေယာဉ်မယ်အဖြစ် တာဝန်ထမ်းဆောင်နေတာဖြစ်တယ်လို့ ထိုင်းအမျိုးသား လေကြောင်းလိုင်းက ပြောပြီး သူယူဆောင်လာတဲ့ လက်ဆွဲအိတ် ၁၂ လုံးကို နယ်စပ်ဖြတ်ကျော် စောင့်ကြည့်ရေးအရာရှိတွေက စစ်ဆေးခဲ့တယ်လို့ ဩစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
Source: Reuters











