
မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကိုယ်စားပြုမှုရှိတဲ့ နိုင်ငံရေးအင်အားစုတွေ အပြည့်အဝ ပါဝင်မှုမရှိဘဲ ဘယ်နိုင်ငံရေးဖြစ်စဉ်မှ အောင်မြင်မှာမဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီက ဇူလိုင် ၂၀ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။
အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်အပါအဝင် နိုင်ငံတကာရဲ့ အပြုသဘောဆောင်တဲ့ ကြိုးပမ်းမှုတွေကို ကြိုဆိုကြောင်းနဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီများ အတားအဆီးမရှိ ပေးအပ်နိုင်ရေးတို့ဟာ မရှိမဖြစ် လိုအပ်တယ်လို့ NLD က ထောက်ပြထားပါတယ်။
ဒါ့အပြင် မြန်မာ့နိုင်ငံရေးပြဿနာရဲ့ မူလအကြောင်းအရင်းဟာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး လက်နက်အားကိုးနဲ့ အာဏာသိမ်းခဲ့တာကြောင့်ဖြစ်ပြီး ပြည်သူ့ဆန္ဒနဲ့ တရားဝင်ဆင့်လွှဲအာဏာရရှိထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်မှသာ ပဋိပက္ခချုပ်ငြိမ်းနိုင်မယ်လို့ ဖော်ပြထားပါတယ်။
အာဆီယံအနေနဲ့ထိတွေ့ဆက်ဆံရာမှာ စစ်အဏာရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာမဲ့ အုပ်ချုပ်ရေးကို အသိအမှတ်ပြုတဲ့အဆင့်ကို မရောက်ဖို့ အရေးကြီးကြောင်း သတိပေးထားပြီး၊ NLD အနေနဲ့ နိုင်ငံရေးပြဿနာတွေကို တွေ့ဆုံညှိနှိုင်းအဖြေရှာတဲ့နည်းလမ်းကို ကိုင်စွဲထားတယ်လို့ထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်ကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းကတည်းက ဖမ်းဆီး အကျဉ်းချထားတာဖြစ်ပြီး နိုင်ငံတကာသံတမန်တွေနဲ့ တွေ့ခွင့်မရသလို လက်ရှိအချိန်မှာ သူ သက်ရှိ ထင်ရှားရှိနေသေးလားဆိုတာကို အများ ယုံကြည်စိတ်ချရတဲ့ ခိုင်လုံတဲ့ သက်သေပြနိုင်ခြင်းမရှိပါဘူး။











