
ဂျာမနီနိုင်ငံက နေတိုးမိတ်ဖက်နိုင်ငံ တူရကီဆီကို Patriot ဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကြက်ခြင်း အားဖြင့် တူရကီနိုင်ငံကို လေကြောင်းကာကွယ်ရေးစနစ်တွေ ပံ့ပိုးပေးသွားမယ်လို့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ယိုဟန်ဝါဒီဖူးလ်က မေ ၁၈ ရက်မှာ ပြောပါတယ်။
ဂျာမန်တပ်မတော်က လာမဲ့လကုန်ကစပြီး လေကြောင်းကာကွယ်ရေး ယူနစ်တခုကို တူရကီနိုင်ငံဆီ ပို့ပေးမယ်လို့ ဝါဒီဖူးလ်က တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာခန်ဖီဒန်ကို ပြောပါတယ်။
မကြာသေးမီသီတင်းပတ်တွေအတွင်း အီရန်က တူရကီနိုင်ငံကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ အကြိမ်ပေါင်း များစွာ ပစ်ခတ်ခဲ့ပြီး မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) က ကြားဖြတ်ပစ်ချ နိုင်ခဲ့တယ်လို့ ဝါဒီဖူးလ်က သတင်းထောက်တွေကို ပြောပါတယ်။
ဝါဒီဖူးလ်က “ကျနော်တို့ရဲ့ စစ်သားတွေက ဒီအခြေအနေအတိုင်း ဆက်ရှိနေဖို့ ပက်ထရီရော့ ဒုံးကျည် စနစ်နဲ့ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သွားမယ်”လို့ ဖီဒန်ကို ပြောပါတယ်။
လက်ရှိမှာ အီရန်နဲ့ အမေရိကန်အကြား အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းဖို့က ဦးစားပေး ဖြစ်တယ်လို့ ဖီဒန်က တုံ့ပြန်ပြောပါတယ်။
စစ်ပွဲပြန်စရင် ကမ္ဘာတဝန်းမှာ ပြင်းထန်တဲ့ စီးပွားရေးနဲ့ နိုင်ငံရေးပြဿနာတွေ ဖြစ်လာလိမ့်မယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
၂၀၂၅ ခုနှစ် ဇွန်လမှာ အီရန်ရဲ့ နျူကလီးယားစက်ရုံတွေကို တိုက်ခိုက်ပြီးကတည်းက အီရန်ရဲ့ ကြွယ်ဝ တဲ့ ယူရေနီယမ်တွေက အပျက်အစီးတွေအောက်မှာ မြုပ်နေပြီလို့ ဖီဒန်က ပြောပါတယ်။ လက်တွေ့ မှာ လက်ရှိမှာ ဘယ်သူမှ ဒါကိုသုံးခွင့် မရှိသေးပါဘူးလို့လည်း သူက ဆက်ပြောပါတယ်။
ဂျာမန်လက်နက်ကိုင်တပ်ဖွဲ့တွေကို ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ ကြာအောင် တပ်ဖြန့်ချထားဖို့ စီစဉ်ထားတယ်လို့ ဂျာမနီ ကာကွယ်ရေးဝန်ကြီး ဌာနက ပြောပါတယ်။
ဒီတပ်ထဲမှာ ပက်ထရီရော့ ဒုံးကျည်တပ်ခွဲ တခုနဲ့ အမေရိကန်တပ်ဖွဲ့တခုကို အစားထိုးမဲ့ ဂျာမန် စစ်သား ၁၅၀ လောက် ပါပါတယ်။
Source:Reuters










