DVB Logo
Home
မြန်မာသတင်း
NUG တပ်စခန်း ဗုံးကြဲခံရသည့် လုံခြုံရေးကျိုးပေါက်မှု ဘယ်သူ့မှာ တာဝန်ရှိလဲ
DVB
·
September 25, 2026
Photo: CINCDS
Photo: CINCDS
Donate to DVB

မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ တပ်စခန်းတနေရာကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေရဲ့ ဖော်ပြမှုနဲ့ တော်လှန်ရေးအသိုက်အဝန်းအတွင်းက လုံခြုံရေးဆိုင်ရာ အငြင်းပွားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ 

စက်တင်ဘာ ၂၄ ရက်၊ မနက် ၁၁ နာရီဝန်းကျင်မှာ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်က NUG ရဲ့ တပ်စခန်း တနေရာကို  စစ်တပ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးလာကြဲသွားလို့ လေတပ် CDM တယောက်အပါအဝင် ရဲဘော်တချို့ သေဆုံးပြီး  ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိနေပါတယ်။

ဒီဖြစ်စဉ်ဖြစ်ပြီး နာရီပိုင်းအကြာမှာပဲ ထိခိုက်သေဆုံးသူစာရင်းနဲ့ မြေပြင်အခြေအနေကို သတင်းမီဒီယာ တချို့က ဖော်ပြခဲ့ပါတယ်။ 

ဒီလိုဖော်ပြမှုနဲ့ပတ်သက်ပြီး တော်လှန်ရေးအသိုက်အဝန်း အတွင်းမှာ လုံခြုံရေးပေါက်ကြားမှုအပေါ် သတင်းမီဒီယာတွေကို အပြစ်တင် ဝေဖန်မှုတွေ ထွက်နေတာပါ။ 

ဒီအခြေအနေနဲ့ ပတ်သက်ပြီး PDF စစ်ရုံးချုပ်က တာဝန်ရှိသူ တယောက်ဖြစ်တဲ့ ရဲဘော်စောဒိုရှင်း ကတော့ သတင်းမီဒီယာတွေကို တထစ်ချ အပြစ်တင်လို့မရပေမဲ့ တော်လှန်ရေး ရဲဘော်တွေ အသက်သွေးနဲ့ရင်းပြီး တိုက်ပွဲဝင်နေရချိန်မှာ သတင်းထုတ်ပြန်တဲ့အခါ အချိန် ချိန်ဆဖို့နဲ့ လုံခြုံရေး အရ အချိန်ဆိုင်းပေးဖို့ မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။

PDF စစ်ရုံးချုပ် တာဝန်ရှိသူ ရဲဘော်စောဒိုရှင်းက "သတင်းမီဒီယာတွေအနေနဲ့က ဒီကိစ္စသည် သူတို့ကြောင့်ဖြစ်တယ်ဆိုတာမျိုးတော့ ကျနော်တို့က တထစ်ချ စွပ်စွဲလို့မရပါဘူး။ ဒါပေမဲ့ တော်လှန်ရေးရဲဘော်တွေ အသက်နဲ့သွေးနဲ့ရင်းပြီး တိုက်ပွဲဝင်နေရချိန်မှာ သတင်းထုတ်ပြန်တဲ့အခါ 'Timing' ကိုက်ညီဖို့နဲ့ လုံခြုံရေးအရ အချိန်ဆိုင်းသင့်တာတွေကို ချိန်ဆဖို့တော့ လိုအပ်ပါတယ်။ ဒါဟာ အပြစ်ပြောစရာမဟုတ်ဘဲ အပြန်အလှန် ထိန်းကျောင်းပြီး သင်ခန်းစာယူစရာ ကိစ္စရပ်တခု ဖြစ်ပါတယ်"လို့ ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက် မခံရခင် ရက်ပိုင်းအလိုကတည်းက အဲဒီဒေသဘက်မှာရောက်နေတဲ့ တော်လှန်ရေး ဘက်တော်သားထဲမှာ လူသိများသူတချို့က လူမှုကွန်ရက်မှာ ဓာတ်ပုံတွေ တင်ခဲ့တာရှိပါတယ်။  ဒီလို ဓာတ်ပုံတွေကို ကြည့်ပြီး သူတို့ရောက်နေတဲ့ နေရာကို စစ်တပ်က ခြေရာခံနိုင်တယ်လို့ နည်းပညာ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။ 

သတင်းသမားတွေဘက်ကလည်း ဒီကိစ္စတွေကို ထောက်ပြပြီး သတင်းတင်ဆက်လို့ တပ်တည်နေရာ သိတာမဟုတ်ဘူးဆိုပြီး အငြင်းပွားတာတွေ ရှိပါတယ်။

တော်လှန်ရေးနယ်မြေတနေရာမှာရှိနေတဲ့ ဝါရင့်သတင်းထောက်တယောက်ကတော့ သတင်းသမား တွေအနေနဲ့ သတင်းလုပ်ငန်းကို ဦးစားပေးလုပ်ဆောင်ချိန်မှာ၊ စစ်ရေးနယ်မြေထဲက ရဲဘော်တွေ အတွက်တော့ လုံခြုံရေးက အရေးအကြီးဆုံးဖြစ်ကြောင်း၊ ဒါပေမဲ့ ဒီဖြစ်စဉ်မှာ နှစ်ဖက်စလုံးမှာ အားနည်းချက်တွေ ရှိနေတယ်လို့ သူရဲ့အမြင်ကိုသုံးသပ်ထားပါတယ်။

ဝါရင့် သတင်းထောက်တယောက်က “ဖြစ်စဉ်က  ၁၁ နာရီကျော်လောက်မှာဖြစ်တယ်။ သတင်းဖော်ပြတဲ့အချိန်နဲ့ ကြားထဲမှာ ဒီစစ်တပ်က လက်နက်ကြီးတွေပစ်ခတ်နေတာတွေ၊ ပြီးတော့ Scout တွေ ပစ်ခတ်နေတာ၊ တွေဒါမျိုးတွေက ကျနော်တို့လည်း ကြားသိနေရတာပေါ့။ ပြီးတော့ တချို့သတင်းမီဒီယာသမားတွေလည်း ဖြစ်ဖြစ်ချင်းသိကြပါတယ်။ သို့သော်လည်း မတင်ကြဘူး၊ အခြေအနေအရ ဥပမာဆိုပါစို့ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ကူညီဖို့တို့၊ ပြည်သူတွေကိုဆွဲထုတ်ဖို့တို့ ဒါမျိုးတွေအတွက်အချိန်မရဘူး ဆိုပြီးတော့ ဒါဝေဖန်ကြတယ်၊ အပြစ်တင်ပြောဆိုကြတယ်ပေါ့နော်။ ဒါက ကျနော်တို့မီဒီယာတွေဘက်မှာ အနည်းငယ်အားနည်းချက်ရှိတယ်လို့ ကျနော်ကတော့ သုံးသပ်တယ်။ အဲ့လိုပဲ တခြားတဖက်မှာလည်းပဲ တပ်နဲ့ပတ်သက်တဲ့ လျှို့ဝှက်အပ်တဲ့ အရာတွေကို တပ်ကို ပိုက်ဆံထောက်ပံ့လို့ပဲဖြစ်ဖြစ်၊ ရိက္ခာထောက်ပံ့လို့ပဲဖြစ်ဖြစ်၊ တပ်ရဲ့ကန်ပိန်းတွေကို ကူညီလို့ပဲ ဖြစ်ဖြစ်၊ တပ်ရဲ့လျှို့ဝှက်အပ်သော အရာတွေကို လူမှုကွန်ရက်ပေါ်ကို မတင်မိဖို့တော့ တပ်တွေကနေပြီးတော့ ကိုယ်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေတွေ ကိုယ့်ကို ကူညီပေးနေတဲ့သူ တွေကို အစောကြီးကတည်းက စည်းမျဉ်း စည်းကမ်းတွေ ထုတ်ထားရမယ်၊ တားမြစ်ထား ရလိမ့်မယ်ထင်တယ်။ အခုကတော့ အဲ့ဒီအပိုင်းတွေမှာ အားနည်းတယ်“လို့ ပြောပါတယ်။

ဒါ့အပြင် အွန်လိုင်းခေတ်မှာ သတင်းအမြန်တင်ကြရာမှာ အယ်ဒီတာအဖွဲ့တွေအနေနဲ့ သတင်း တပုဒ် ချင်းစီရဲ့ အကျိုးအပြစ်နဲ့ လုံခြုံရေးကို ဉာဏ်နဲ့ယှဉ်ပြီး ပိုစိစစ်ဖို့ လိုအပ်သလို၊ တပ်ဖွဲ့ဝင်တွေနဲ့ လူသိများထင်ရှားတဲ့ သူတွေဘက်ကလည်း လျှို့ဝှက်ချက်တွေနဲ့ နေရာတိကျတဲ့ အချက်အလက် တွေကို လူမှုကွန်ရက်ပေါ် မတင်မိဖို့ လိုအပ်တယ်လို့ သတင်းသမားက ထောက်ပြ ပါတယ်။

ရဲဘော်စောဒိုရှင်းကလည်း သတင်းပေါက်ကြားမှုနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကိုပဲ အပြစ်မတင်ဘဲ တော်လှန်ရေးမှာ ပါဝင်နေတဲ့ရဲဘော်တွေအနေနဲ့လည်း မီဒီယာတွေကို ဖြေဆိုရာမှာ သတိထားသင့်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။

ရဲဘော်စောဒိုရှင်းက “စစ်ရေးသတင်းရင်းမြစ်တွေဖြစ်တဲ့ ကျနော်တို့ရဲဘော်ရဲဘက်တွေအနေနဲ့ မီဒီယာတွေကို ဖြေဆိုတဲ့အခါမှာ ဒါဟာ သတိချပ်ရမဲ့ ကိစ္စရပ်ဆိုတာမျိုး ကျနော်တို့ မက်ဆေ့ချ် ပေးချင်ပါတယ်။ တချို့နေရာတွေမှာ ကျနော်တို့ ပြန်ပြီးပြောတဲ့အကြောင်းအရာတွေမှာ COC မဲ့မနေဘူးလား စသဖြင့် ဒါမျိုးတွေ ရှိကြပါတယ်။ ဒါပေမဲ့ ကျနော်တို့ လက်ရှိနွေဦး တော်လှန်ရေး သည် စစ်တပ်တတပ်နဲ့ တခြားတပ်တခုတည်းနဲ့ တိုက်နေတာမဟုတ်ပါဘူး။ ဆိုလိုတာက ကျနော်တို့ မဟာမိတ်တပ်ပေါင်းစုတွေနဲ့ သွားရတဲ့ကိစ္စရပ်တွေ ရှိတယ်။ လူများများနဲ့ အင်အားစုများများ တော်လှန်ရတဲ့အခါမှာ ကျနော်တို့ပြောနေကြအတိုင်းပဲ Timing ချိန်ရတာတွေ ရှိတယ်၊ တဖက်နဲ့တဖက်ကြားထဲမှာအစွန်းထွက်သွားတာတွေရှိတယ်။ ဒါကလည်း ပြန်ပြီးထိန်းကျောင်း နိုင်ရင်ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကျနော်တို့ရဲဘော်တွေကိုလည်း ဒီထပ်ပိုပြီးကြပ်မတ်ထိန်းကျောင်းဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။

လက်ရှိမှာတော့ တော်လှန်ရေးနယ်မြေတွေအတွင်း လေကြောင်းရန် ကာကွယ်ရေးအတွက် သတင်းအချက်အလက် လုံခြုံရေး (Information Security) နဲ့ သတင်းမီဒီယာတွေရဲ့ လွတ်လပ်စွာ တင်ပြခွင့်ကြားမှာ ဘယ်လို ချိန်ခွင်လျှာညှိကြမလဲဆိုတာကို သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ သတင်းသမားတွေအကြား ဆက်လက် ဆွေးနွေးနေကြပါတယ်။ 

မောရစ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013