DVB Logo
Home
မြန်မာသတင်း
အယ်နီညို ကြောင့် မိုးနှောင်းကာလ ရေထပ်ကြီးနိုင်
DVB
·
September 7, 2015
အယ်နီညို ကြောင့် မိုးနှောင်းကာလ ရေထပ်ကြီးနိုင်
Donate to DVB

အယ်နီညို  ကမ္ဘာ့ရာသီဥတုဖြစ်စဉ် အခြေအနေကြောင့် မြန်မာနိုင်ငံ မြစ်ချောင်းတွေမှာ မိုးနှောင်းကာလ ဖြစ်တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလတွေမှာ ဒုတိယအကြိမ်  ရေထပ်ကြီးနိုင်တယ်လို့ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားပါတယ်။

မိုးနှောင်းကာလ ဖြစ်ပေါ်လာနိုင်တဲ့ ရေကြီးမှုတွေအပေါ်  အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီရဲ့ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှု အခြေအနေနဲ့ ပတ်သက်ပြီး ဒီကနေ့ အစိုးရပိုင် သတင်းစာတွေကနေ သတင်းထုတ်ပြန်ရာမှာ ခန့်မှန်းထားတာပါ။

အယ်နီညိုဟာ ပင်လယ်ရေမျက်နှာပြင် အပူချိန်နဲ့ ရေအောက်ပူချိန် ပုံမှန်ထက် ပိုမိုပူနွေးတဲ့ အခြေအနေကို ဖော်ညွှန်းတာဖြစ်ပြီး စက်တင်ဘာ၊ အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ အယ်နီညို ဖြစ်စဉ် ဆက်ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မိုးဇလဌာန (အထက်မြန်မာပြည်) ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက “အယ်နီညိုကြောင့် အဓိက ကျနော်တို့ မြန်မာနိုင်ငံကို သက်ရောက်မှု ရှိစေတာကတော့ ပုံမှန်မဟုတ်တဲ့ ရာသီဥတုတွေ ဖြစ်ပေါ်မှာကို ဂရုပြုနိုင်ဖို့ရယ်၊ နောက် အယ်နီညို အားကောင်းလာတဲ့ ဒီဇင်ဘာနောက်ပိုင်းမှာ ပူနွေးပြီး ခြောက်သွေ့တဲ့ ရာသီဥတု ဖြစ်လာနိုင်ဖို့ အခြေအနေတွေရယ် အကြမ်းဖျဉ်း မျှော်လင့်လို့ရတယ်။ ပုံမှန်မဟုတ်တဲ့ ရာသီဥတု အခြေအနေတွေ ဥပမာ မုတ်သုံလေ ဆုတ်ခွာမှုကလည်း နှေးနေတာ ဖြစ်ချင်ဖြစ်မယ်။ မုတ်သုံလေ ဆုတ်ခွာခါနီးကျမှ လေဖိအားနည်းရပ်ဝန်းတွေ ပိုပြီးဖြစ်လာရင် မုတ်သုံဆုတ်ခွာချိန် နှေးကွေးမယ်။ ဒါဆိုရင် ကမ်းရိုးတန်းတွေ မိုးများမယ်၊ အထက်ပိုင်းတွေ မိုးများမယ်၊ ပုံမှန် မုတ်သုံမဆုတ်ခွာဘူးဆိုရင် မိုးပိုများစေတဲ့ အခြေအနေ ရှိခဲ့ရင်လည်း ရေကြီးလာနိုင်တဲ့ အခြေအနေမျိုးတွေ ဖြစ်ပေါ်လာနိုင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ အနေနဲ့ကတော့ ၂၀၁၅ မိုးနှောင်းကာလမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုတွေ ဖြစ်လာရင် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ပျက်စီးမှုက ကာကွယ်ပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေတဲ့ အကြောင်းနဲ့ ထိခိုက်နစ်နာမှုတွေ လျော့ပါးသက်သာစေဖို့ သဘာဝ ဘေးအန္တရာယ် ကြိုတင်နှိုးဆော် အသိပေးသွားမယ်လို့ အစိုးရ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကော်မတီက ကြိုတင်ပြင်ဆင် ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေထဲမှာ ရေလှောင်တမံတွေကနေ သိုလှောင်ပမာဏ တွက်ချက်ပြီး ရေကြိုတင်လျှော့ချထားတာ၊ ရေကင်းတွေ ၂၄ နာရီချထားတာ၊ သဲနဲ့ ကျောက်စရစ်တွေ စုဆောင်းထားတာ၊ အရေးပေါ် လိုအပ်ရင်သုံးဖို့ စက်ယန္တရား၊ ယာဉ်နဲ့ လုပ်သားအင်အား စုဖွဲ့ထားတာ စတာတွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်၊ သြဂုတ်လတွေအတွင်း မြန်မာနိုင်ငံ ဒေသအနှံ့ ရေကြီးမှုတွေ ဖြစ်ပွားခဲ့ရသလို လက်ရှိအချိန်မှာလည်း စစ်ကိုင်းတိုင်း ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက် စတဲ့မြို့နယ်တွေနဲ့ ဧရာဝတီတိုင်း ဒေသတချို့မှာ မြစ်ရေကြီးမှုတွေနဲ့ ထပ်မံကြုံတွေ့နေရတာပါ။

နိုင်ငံတ၀န်း ရေကြီးမှုကြောင့် လူပေါင်း ၁၂၉ ဦး သေဆုံးပြီး လူပေါင်း ၁၆ သိန်းကျော် ရေဘေးဒုက္ခ ခံစားခဲ့ရတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013