DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် တပတ်အတွင်း တရားမဝင် မြန်မာနိုင်ငံသား ၂၀၀ ခန့်  ဖမ်းဆီးခံရ
DVB
·
May 29, 2026
ကန်ကျနပူရီတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများ။ (Photo: Kanchanaburi News)
ကန်ကျနပူရီတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများ။ (Photo: Kanchanaburi News)
Donate to DVB

ထိုင်းနိုင်ငံမှာ တရားမဝင်နဲ့  ဥပဒေချိုးဖောက်တဲ့ နိုင်ငံခြားသားတွေ၊ ရွှေ့ပြောင်းလုပ်သားတွေကို ၃ လ စီမံချက်နဲ့ စစ်ဆေးဖမ်းဆီးနေတာမှာ တပတ်အတွင်း မြန်မာနိုင်ငံသား အယောက် ၂၀၀ လောက် ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဒီကနေ့ မေ ၂၉ ရက် မနက်ပိုင်းက တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ ခွင့်ပြုချက်မရှိဘဲ ကိုယ်ပိုင်ဈေးဆိုင် ဖွင့်ထားတဲ့ အသက် ၅၆ နှစ်အရွယ် မြန်မာအမျိုးသမီးတယောက်နဲ့ ဆိုင်ကယ်ပြင်ဆိုင်က ၁၉ နှစ် အရွယ် မြန်မာလူငယ်တယောက် ဖမ်းဆီးခံရကြောင်း AEC အာဆီယံထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မေ ၂၈ ရက်က ထိုင်းအရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင်၊ ဆီရိရားချားမြို့၊ ဘော်ဝင်းရပ်ကွက်ထဲမှာ ရွှေ့ပြောင်းလုပ်သားတွေကို အလုပ်သမားကတ် ဝန်ဆောင်မှုပေးနေတဲ့ မြန်မာနိုင်ငံသား ၅ ယောက် ဖမ်းဆီးခံရပါတယ်။

ဒီမတိုင်ခင်က တစ်တော့နဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ အလုပ်သမားကတ် အပြီးအစီး ဝန်ဆောင်မှု လုပ်ပေးနေတယ်လို့ ကြည့်ရှုသူ ၂ သိန်းကျော်ရှိတဲ့ ဆယ်လီတယောက်က ကြော်ငြာနေတာကို တွေ့ရှိပြီး လိုအပ်သလို စုံစမ်းကာ သူတို့ရုံးခန်းမှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

ရွှေ့ပြောင်းအလုပ်သမားကတ် ကိုင်ဆောင်သူတွေဟာ စာရေးစာချီလုပ်တာ၊ စာရွက်စာတမ်း ဝန်ဆောင်မှုပေးတာ စတဲ့အလုပ်တွေကို လုပ်ပိုင်ခွင့်မရှိတာကြောင့် ဖမ်းဆီးတာလို့ ချန်နယ်လ် ၃ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။

မေ ၂၇ ရက်က ကန်ကျနပူရီခရိုင်၊ ကန်ကျနပူရီမြို့၊ ဘန်ပဖယ်ရွာရှိ သံသယရှိတဲ့ နေအိမ်တလုံးကို တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးတာမှာ တရားမဝင် ဝင်ရောက်လာပြီး ထိုင်းနိုင်ငံ အတွင်းပိုင်းကို အလုပ်သွားလုပ်ဖို့ တထောက်နားခိုနေတဲ့ မြန်မာအမျိုးသား ၃၄ ယောက်နဲ့ အမျိုးသမီး ၇ ယောက် စုစုပေါင်း ၄၁ ယောက်ကို ထိုင်းလူမျိုး လမ်းပြတယောက်နဲ့အတူ ဖမ်းဆီးရမိတယ်လို့ ကန်ကျနပူရီသတင်းမှာ ဖော်ပြပါတယ်။

မေ ၂၇ တရက်တည်းမှာပဲ ထိုင်းအရှေ့တောင်ပိုင်း လယောင်းခရိုင်၊ ဘန့်ခိုက်မြို့နယ်၊ နောင်ဘိုရပ်ကွက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုကို တာဝန်ရှိသူတွေက သွားရောက် စစ်ဆေးတာမှာ မြန်မာလုပ်သား ၁၅ ယောက်မှာ နေထိုင်ခွင့်အထောက်အထား၊ အလုပ်သမားကတ် ပြည့်စုံစွာရှိပေမဲ့ အလုပ်ရှင်မတူ၊ လုပ်ငန်းတည်ရာလိပ်စာ ကွဲလွဲမှုရှိတာကြောင့် အရေးယူ ဒဏ်တပ်ခံရတယ်။ ဒါ့အပြင် ဆောက်လုပ်ရေးလုပ်ငန်း တာဝန်ခံပါ ခေါ်ယူသတိပေးခံရတယ်လို့ လယောင်းခရိုင် လဝကရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မေ ၂၆ ရက်မှာတော့ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ မယ်ပရပ်ကွက် စစ်ဆေးရေးဂိတ်မှာ နိုင်ငံကူးလက်မှတ်အတုနဲ့ ဝင်ရောက်လာတဲ့ မြန်မာ ၆ ယောက်၊ ထာ့ဆိုင်လွတ်ရပ်ကွက်ထဲမှာ နယ်စပ်ကနေ တရားမဝင် ဝင်လာတဲ့ မြန်မာ ၃ ယောက်၊ မဲဆောက် လမ်းဘေးဈေးဆိုင်တွေမှာ အထောက်အထားရှိပေမဲ့ ခွင့်ပြုချက်မရှိဘဲ ဈေးရောင်းနေတဲ့၊ ကိုယ်ပိုင်ဆိုင်ဖွင့်တဲ့ မြန်မာ ၈ ယောက် စုစုပေါင်း ၁၇ ယောက်အပြင် ချင်းမိုင်ခရိုင်၊ ချင်းမိုင်မြို့ ပါဒက်ရပ်ကွက်ရှိ အလှပြင်ဆိုင်တဆိုင်မှာ အိမ်အကူဘန်းပြပြီး ဆံပင်ညှပ်ဝန်ဆောင်မှုပေးနေတဲ့ မြန်မာအမျိုးသမီးတယောက်နဲ့  ထိုင်းအလုပ်ရှင်ပါ ဖမ်းဆီးအ‌ရေးယူခံခဲ့ရပါတယ်။

မေ ၂၄ ရက်ကတော့ ထိုင်းအလယ်ပိုင်း၊ အယုဒ္ဓယခရိုင်၊ အူထိုင်းမြို့၊ နောင်နမ့်ဆုမ့်ရပ်ကွက်ထဲမှာ မြန်မာလုပ်သားတွေ ခွင့်ပြုချက်မရှိဘဲ ဈေးရောင်းတာ၊ ဆူညံအသံပြုပြီး ပတ်ဝန်းကျင်ကို အနှောင့်အယှက်ပေးကြောင်း တိုင်ကြားချက်ရတဲ့အတွက် တာဝန်ရှိသူတွေက အဆိုပါရပ်ကွက်ရှိ ရွှေ့ပြောင်းလုပ်သားများနေထိုင်ရာ တန်းလျားနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ ဝင်ရောက်စစ်ဆေးတာမှာ နေထိုင်ခွင့် အထောက်အထား၊ အလုပ်သမားကတ်မရှိသူ မြန်မာနိုင်ငံသား အမျိုးသား ၈၅ ယောက်၊ အမျိုးသမီး ၂၁ ယောက် စုစုပေါင်း ၁၀၆ ယောက် တို့ကို ဖမ်းဆီးရမိတယ်လို့ အယုဒ္ဓယခရိုင် လဝကရဲတပ်ဖွဲ့ လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။

မေ ၂၃ ရက်ကလည်း ချင်းမိုင်မြို့၊ ချန့်ဖိုတ်ရပ်ကွက်ရှိ မြန်မာအများစုကိုသာ ဝန်ဆောင်မှုပေးတဲ့ ကာရာအိုကေနဲ့ ဘားဆိုင်ကနေ အလုပ်သမားဥပဒေနဲ့ မညီညွတ်တဲ့ မြန်မာနိုင်ငံသား ၁၂ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

ထိုင်းအလုပ်သမားရှာဖွေခန့်ထားရေး ဦးစီးဌာနကလည်း ၂၀၂၅ အောက်တိုဘာ ၁ ရက်မှ ၂၀၂၆ မေ ၂၈ ရက်အတွင်း ထိုင်းနိုင်ငံတဝန်းရှိ လုပ်ငန်းခွင်ပေါင်း ၅၈,၀၇၆ နေရာက အလုပ်သမားပေါင်း ၇၀၄,၀၃၈ ယောက်ကို စစ်ဆေးခဲ့တာမှာ အလုပ်သမားဥပဒေနဲ့ မညီညွတ်တဲ့ လုပ်ငန်းခွင်ပေါင်း ၁,၁၀၁ နေရာ အမှုပေါင်း ၃,၂၁၇ မှုမှ ထိုင်းနိုင်ငံသားအလုပ်တွေ ဝင်လုလုပ်ကိုင်တဲ့ နိုင်ငံခြားသား ၁,၀၅၃ ယောက်ကို အရေးယူခဲ့တယ်လို့ ဒီကနေ့ မေ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

Source: CH3/ Kanchanaburi News / ChinangMai News / AEC News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013