
ရခိုင်ပြည်နယ်-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်မှာ လုံခြုံရေးစိုးရိမ်ချက်တွေ မြင့်တက်လာတဲ့ အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက 'Red Line' လို့ခေါ်တဲ့ အနီရောင်စည်းတခုကို သတ်မှတ်ဖို့ ပြင်ဆင်နေပါတယ်။
စစ်ရေးပဋိပက္ခ ပြင်းထန်လာတာနဲ့အမျှ ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွေမှာ စစ်အာဏာရှင်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေနဲ့ လေကြောင်း ဗုံးကြဲချမှုတွေဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ကို ကျော်လွန်ရောက်တာလည်း ရှိခဲ့ပါတယ်။
ဒါကြောင့် ဘင်္ဂလားဒေ့ရှ် ပြည်သူတွေရဲ့ နယ်စပ်လုံခြုံရေးအတွက် ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ အရှေ့ဘက်နယ်စပ်တလျှောက်မှာ Red Line သတ်မှတ်ဖို့ ပြင်ဆင်လာတာလို့ သိရပါတယ်။
သြဂုတ် ၂၄ ရက်က ဒါကာတက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ် ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဘက်ရေးရာဌာန အကြံပေး ဗိုလ်မှူးချုပ်ဟောင်းက ပြောကြားခဲ့တာဖြစ်ပြီး ခြံစည်းရိုးနဲ့ နယ်စပ်လမ်းတွေ တည်ဆောက်တာ၊ CCTV၊ ဒရုန်းတွေနဲ့ စောင့်ကြည့်ရေးစနစ်တွေကိုပါ အဆင့်မြှင့်တင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်ရဲ့ အခုလုပ်ဆောင်ချက်ဟာ နယ်စပ်လုံခြုံရေးကို ကာကွယ်တာသာဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေမဲ့ကိစ္စ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတယောက် ဖြစ်တဲ့ DMG အယ်ဒီတာချုပ် ဦးအောင်မင်းဦးက သုံးသပ်ပါတယ်။
“ဘင်္ဂလားဒေ့ရှ်-ရခိုင် နယ်စပ်တခုလုံးကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်အနေနဲ့ရော မြန်မာစစ်အစိုးရ အနေနဲ့ရော ဘင်္ဂလားဒေ့ရှ်ဘက်က အခုလိုမျိုး Red line အနေနဲ့ သတ်မှတ်တာတွေက သူတို့ရဲ့ ဆက်ဆံရေးကို ထိခိုက်မယ်လို့တော့ မထင်ပါဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရကနေပြီးတော့ သူတို့ရဲ့ နယ်စပ်လုံခြုံရေး၊ သူတို့ရဲ့ပြည်သူတွေကို ကာကွယ်ဖို့အတွက်ပဲ Red line တွေလုပ်တယ်။ သူတို့နယ်စပ်မှာ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတယ် ဆိုတာက အာရက္ခတပ်တော်ရဲ့ ထိန်းချုပ်မှု၊ အုပ်ချုပ်ရေးကို မထိခိုက်ဘူးလို့ ထင်ပါတယ်။”
နယ်စပ်တလျှောက် လုံခြုံရေးတင်းကျပ်လာရတာဟာ ရိုဟင်ဂျာ အကြမ်းဖက် လက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ ARSA၊ RSO နဲ့ ARA အဖွဲ့တွေရဲ့ နယ်စပ်ဖြတ်ကျော်လှုပ်ရှားမှုတွေနဲ့လည်း သက်ဆိုင်နေတယ်လို့ နိုင်ငံရေးကျွမ်းကျင်သူတွေက ပြောပါတယ်။
ဒါကြောင့် တဖက်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က နယ်စပ်တလျှောက် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်လာသလို အာရက္ခတပ်တော်ကလည်း နယ်စပ်လုံခြုံရေးတွေကို တိုးမြှင့်ဆောင်ရွက်လာပါတယ်။
ရခိုင်ပြည်မြောက်ပိုင်း မောင်တောခရိုင်မှာ ဆိုရင်လည်း RSO၊ ARSA နဲ့ ARA ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ ပိုများလာပြီး မကြာခဏဆိုသလို AA တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားတာ၊ ဒေသခံတွေကို ချောင်းမြောင်းတိုက်ခိုက်တာ၊ ပစ္စည်းတွေကို လုယူသတ်ဖြတ်တာတွေ များလာနေပါတယ်။
ပြည်သူတွေရဲ့ လုံခြုံရေး စိုးရိမ်ချက်တွေကြောင့် မောင်တောခရိုင်မှာ သြဂုတ် ၉ ရက်ကစပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားသလို နေ့ရောညပါ လုံခြုံရေးယူထားရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဘင်္ဂလားဒေ့ရှ်ရဲ့ Red Line သတ်မှတ်ချက်ဟာ နယ်စပ်ဒေသလုံခြုံရေးကို ဘယ်လောက်ထိ ထိရောက်အောင် ထိန်းချုပ်နိုင်မလဲ၊ နယ်စပ်ဖြတ်ကျော် မှောင်ခိုကူးမှုတွေနဲ့ လက်နက်ကိုင်လှုပ်ရှားမှုတွေကို ဘယ်လောက်ထိ ထိရောက်စွာ နှိမ်နင်းနိုင်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမယ်လို့ ၈၈ မျိုးဆက် ရခိုင်ကျောင်းသားခေါင်းဆောင်ဟောင်းတယောက်ဖြစ်တဲ့ ဦးခိုင်ဆန်းအောင်က သုံးသပ်ပါတယ်။
“ဒီနေရာမှာ အဓိကသတိထားရမဲ့ အချက်က နယ်စပ်နဲ့ ဒုက္ခသည်စခန်းတွေမှာ လှုပ်ရှားနေကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အခြေအနေပါ။ အာရက္ခဒေသဘက်မှာဆိုရင်တော့ AA ရဲ့ နယ်မြေစိုးမိုးမှုတွေက ရှိနေသလို ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်စခန်းတွေမှာဆိုရင်လည်း RSO / ARSA / ARA လိုမျိုး အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ ခိုအောင်းနေတာ ရှိပါတယ်။ သူတို့ထဲမှာ အချင်းချင်း အားပြိုင်မှုတွေ၊ လူသစ်စုဆောင်းတာတွေနဲ့ အနိုင်ကျင့် ငွေညှစ်မှုတွေလည်း ရှိနေပါတယ်။ ဒီလို Red line လုံခြုံမှုဘောင် ချမှတ်လိုက်တာဟာ ဒီအကြမ်းဖက်အဖွဲ့တွေရဲ့ နယ်စပ်ဖြတ်ကျော် မှောင်ခိုကူးမှုတွေ၊ အကြမ်းဖက်လှုပ်ရှားမှုတွေနဲ့ တရားမဝင် ခြေကုပ်ယူမှုတွေကို ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့ဝင်ဘက်က ပိုပြီး ထိရောက်စွာ နှိမ်နင်းလာနိုင်မဲ့ အနေအထားက လက်တွေ့အခြေအနေမှာ ဖြစ်လာနိုင်ပါ့မလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။”
ဒါ့အပြင် ဒီလို လုံခြုံရေး စစ်ဆေးမှုတွေ ပိုမိုတင်းကျပ်လာတဲ့အတွက် နှစ်နိုင်ငံ တရားဝင် ကုန်စည်စီးဆင်းမှုနဲ့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေမှာ ပို့ဆောင်ရေး နှောင့်နှေးတာတွေ၊ ကုန်ကျစရိတ် မြင့်မားလာတာတွေအပြင် လုပ်ငန်းပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ဟန့်တားမှုတွေ ရှိလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေး ပြောပါတယ်။
တဖက်မှာလည်း ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ကာကွယ်ရေးစွမ်းရည်အပြင် အာရက္ခတပ်တော်နဲ့ စစ်အာဏာရှင်ရဲ့ စွမ်းရည်တွေကို နားလည်ဖို့ လိုအပ်တယ်လို့ ဆွေးနွေးပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။
ဒါကြောင့် လက်ရှိ မြေပြင်အနေအထားအရ ရခိုင်ပြည်နယ်ရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးကို အာရက္ခတပ်တော်က ထိန်းချုပ်ထားနိုင်ပြီဖြစ်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ စစ်အာဏာရှင် အစိုးရ တခုတည်းကိုပဲ အားကိုးပြီး 'အစိုးရချင်း ဆက်ဆံရေး' ပုံစံမျိုးနဲ့ ဆက်လက်ဆောင်ရွက်ဖို့ မဖြစ်နိုင်တော့ပါဘူး။
ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း အာရက္ခတပ်တော်ကို ဆက်ဆံလာရမှာဖြစ်သလို သူတို့ရဲ့ နယ်မြေထိန်းချုပ်နိုင်မှုနဲ့ အုပ်ချုပ်ရေးစွမ်းရည်ကိုလည်း အသိအမှတ်ပြုလာရမဲ့ အနေအထားမျိုး ဖြစ်လာပါတယ်။
ဒါကြောင့် လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ စစ်အစိုးရနဲ့ ဆက်ဆံရေးရှိနေသလို တဖက်မှာလည်း မြေပြင်လိုအပ်ချက်အရ အာရက္ခတပ်တော်ကို အတိုင်းအတာတခုအထိ အသိအမှတ်ပြုပြီး နယ်စပ်ရေးရာ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်သွားနိုင်မဲ့ အခြေအနေ ရှိလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေ သုံးသပ်ပြောပါတယ်။
ကေခိုင်











