အင်ဒိုနီးရှားမြို့ကြီး ၈ မြို့ထက်မနည်းမှာ ဇွန် ၁၅ ရက်က ကျောင်းသားရာပေါင်းများစွာ စုဝေးခဲ့ကြပြီး လောင်စာဆီဈေးနှုန်းတွေ မြင့်တက်မှုနဲ့ အစိုးရမူဝါဒတွေကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။
မြို့တော် ဂျကာတာနဲ့ ဆူလာဝေစီပြည်နယ်ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ မာကာဆာ၊ ဆူမားတြားကျွန်းရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ မီဒန်နဲ့ အနောက်ဂျာဗားပြည်နယ်ရဲ့ မြို့တော်ဘန်ဒေါင်း အပါအဝင် တခြားမြို့ တွေမှာလည်း ဆန္ဒပြခဲ့ကြပါတယ်။
အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းတွေ မြင့်တက်လာပေမဲ့ အရှေ့တောင်အာရှရဲ့ အကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဓာတ်ဆီဈေးနှုန်းတွေ မပြောင်းအောင် အစိုးရက ထောက်ပံ့ကြေးတွေ ပေးခဲ့တာပါ။
ဒါပေမဲ့ အင်ဒိုနီးရှား သမ္မတ ပရာဘိုဝိုရဲ့ ရည်မှန်းချက်ကြီးတဲ့ အသုံးစရိတ်အစီအစဉ်တွေကြောင့် ရသုံးမှန်းခြေ ငွေစာရင်းအပေါ် ဘဏ္ဍာရေးဖိအားတွေ မြင့်တက်လာခဲ့လို့ ပြီးခဲ့တဲ့အပတ်က ဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။
Source: Reuters










