
ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်မှာ ဇွန် ၁၄ ရက်က ကျင်းပခဲ့တဲ့ "UFC freedom 250" (ကိုယ်ခံပညာ သိုင်းပေါင်းစုံ) ထိုးသတ်ပွဲကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့သူ လူ ၈ ယောက်ကို တရားစွဲဆိုလိုက်ပြီလို့ အမေရိကန်အစိုးရရှေ့နေ ဒေါမနစ်အက်စ်ဂျီရာ့စ်က ဇူလိုင် ၁၀ ရက်မှာ ပြောပါတယ်။
အမေရိကန်သမ္မတ၊ ဒုသမ္မတ၊ လွှတ်တော် အမတ်တွေအပါအဝင် ဖက်ဒရယ်အစိုးရအရာရှိတွေနဲ့ လာရောက်ကြည့်ရှုတဲ့ အများပြည်သူတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်မှုတွေနဲ့ လူ ၈ ယောက်ကို အကြမ်းဖက်မှု ကူညီပံ့ပိုးမှု၊ လူသတ်မှု ကြံစည်မှု စတဲ့ စွဲချက် ၂ ခုနဲ့ တရားစွဲဆိုလိုက်တာပါ။
တရားခံတွေဟာ တိုက်ခိုက်မှုတွေ စီစဉ်ဖို့နဲ့ လူသစ်စုဆောင်းဖို့အတွက် Signal, SimpleX, Discord, TikTok နဲ့ Instagram လို လူမှုကွန်ရက်စာမျက်နှာတွေပေါ်က အွန်လိုင်း စကားပြောခန်းအုပ်စုတွေ၊ ဖိုရမ်တွေမှာ အဓိက ဆက်သွယ်လုပ်ဆောင်ခဲ့ကြတာလို့ အစိုးရရှေ့နေရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါတင်မကဘဲ သူတို့ဟာ အပြင်မှာ လူကိုယ်တိုင်တွေ့ဆုံဖို့လည်း စီစဉ်ခဲ့ကြ ပါသေးတယ်လို့ ဆိုပါတယ်။
ဒီလျှို့ဝှက်ကြံစည်မှုကို ဇွန် ၁၀ ရက်က အိုဟိုင်းယိုးပြည်နယ် တောင်ပိုင်းခရိုင်မှာ စတင် ဖော်ထုတ် နိုင်ခဲ့တာပါ။ စိုးရိမ်ပူပန်နေတဲ့ မိသားစုဝင်တယောက်ရဲ့ သတင်းပေးတိုင်ကြားချက်ကြောင့် ရဲတပ်ဖွဲ့ က တိုင်ဆင် ပရော့ပါးရဲ့ နေအိမ်ကို သွားရောက်စစ်ဆေးခဲ့ပြီး သူ့ကို စတင်ဖမ်းဆီး တရားစွဲဆို ခဲ့ပါတယ်။
အဲ့ဒီနောက် စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်ခဲ့လို့ နိုင်ငံတဝန်းက တခြားဖက်ဒရယ် စီရင်ပိုင်ခွင့်နယ်မြေ ၄ ခုမှာရှိတဲ့ နောက်ထပ် ၆ ယောက် ကို ထပ်မံဖမ်းဆီးနိုင်ခဲ့တာပါ။
မနေ့က ထွက်ပေါ်လာတဲ့ တရားစွဲဆိုချက်မှာတော့ အရင်က သီးခြားစီစွဲထားတဲ့ အမှုတွေကို တပေါင်းတည်း စုစည်းလိုက်ပြီး၊ လွန်ခဲ့တဲ့ရက်ပိုင်းကမှ ဝက်စ်ဗာဂျီးနီးယားမှာ ဖမ်းဆီးရမိခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် အဋ္ဌမမြောက်တရားခံကိုပါ ထည့်သွင်းတရားစွဲဆိုခဲ့ပါတယ်။
သူတို့ဟာ ဖက်ဒရယ်အဆောက်အအုံတခုကို တိုက်ခိုက်ပြီး အစုလိုက်အပြုံလိုက် သေကျေ ပျက်စီး စေတဲ့ လက်နက်တွေကို အသုံးပြုဖို့ ရည်ရွယ်ချက်ရှိရှိ ပြင်ဆင်ခဲ့ကြတာဖြစ်ပြီး၊ ဒီအတွက် ငွေကြေး၊ သေနတ်၊ ကျည်ဆန်၊ ကျည်ကာအင်္ကျီ၊ ယမ်းဘီလူး၊ ဒရုန်း၊ ဆေးဝါးနဲ့ ဆက်သွယ်ရေး ကိရိယာတွေအပါအဝင် ကျွမ်းကျင်တဲ့ လူအင်အားတွေကိုပါ ထောက်ပံ့ပေးဖို့ စီစဉ်ခဲ့ကြတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ တရားခံ ၈ ယောက်လုံးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဖြစ်ပါတယ်။ ဒီအထဲက ၂ ယောက်ကိုတော့ အိုဟိုင်းယိုးခရိုင်မှာပဲ ဖမ်းဆီးထားပြီး ကျန်တဲ့ ၆ ယောက် ကိုတော့ တခြားခရိုင် တွေမှာ ထိန်းသိမ်းထားတာပါ။
မကြာခင်မှာတော့ သူတို့အားလုံးကို အမှုရင်ဆိုင်ဖို့အတွက် အိုဟိုင်းယိုးပြည်နယ် တောင်ပိုင်းခရိုင် တရားရုံးဆီ ပြောင်းရွှေ့လွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်။
Source:Reuters










