စစ်ပွဲအဆုံးသတ်ရေး မူဘောင်တရပ်ကို အမေရိကန်နဲ့ အီရန်တို့ သဘောတူလိုက်ပြီဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံမှာ ဇွန် ၁၉ ရက်နေ့ကျရင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်။
ဒီသဘောတူညီချက်မှာ လက်ဘနွန် အပါအဝင် စစ်မျက်နှာအားလုံးက စစ်ရေးလှုပ်ရှားမှုတွေကို အပြီးတိုင်ရပ်စဲဖို့ ပါဝင်ပါတယ်။
“ကမ္ဘာ့သင်္ဘောတွေ အင်ဂျင်ကို နှိုးကြပါတော့။ ရေနံတွေ စီးဆင်းပါစေတော့” လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က Truth Social လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
အီရန်အပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှုနဲ့ ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားတာတွေ ရပ်ဆိုင်းလိုက်တဲ့အတွက် ရေနံစျေးတွေ ကျဆင်းသွားပါတယ်။
ဇွန် ၁၅ ရက် အစောပိုင်းမှာ ဘရန့် ရေနံစိမ်းစျေး ၄ ရာခိုင်နှုန်း၊ အမေရိကန် အနောက်တက္ကဆက် ရေနံစိမ်းစျေး ၄ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အာရှစတော့စျေးတွေ ပြန်တက်လာပါတယ်။
အီရန်နျူကလီးယားစီမံကိန်းရဲ့ ကံကြမ္မာကိုတော့ နောက်ပိုင်းဆွေးနွေးမှုတွေမှာ ဆုံးဖြတ်သွားမှာပါ။
“အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံနဲ့ သဘောတူညီချက် အခု ပြီးစီပါပြ” လို့ ထရမ့်ပ်က ဇွန် ၁၄ ရက် အရှေ့ပိုင်းစံတော်ချိန် ညနေ ၅ နာရီခွဲ (မြန်မာစံတော်ချိန် ၁၅ ရက်နေ့ မနက် ၆ နာရီ) မှာ လူမှုကွန်ရက်ကနေ ပို့စ်တင်ခဲ့ပါတယ်။
သဘောတူညီချက်ရပြီလို့ ကြားဝင်ညှိနှိုင်းပေးတဲ့ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက်ဇ်ရှရစ်ဖ် ကြေညာပြီးနောက်မှာ ထရမ့်ပ်က အခုလို အတည်ပြုခဲ့တာပါ။











