
ဂါဇာစစ်ပွဲအတွင်းမှာ ပျမ်းမျှအားဖြင့် တရက်ကိုအနည်းဆုံး အမျိုးသမီးနဲ့ မိန်းကလေးငယ် ၄၇ ယောက်နှုန်း သေဆုံးနေရတယ်လို့ ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့ (U.N. Women) ရဲ့ ဧပြီ ၁၇ ရက် ထုတ်ပြန်ချက်အသစ်မှာ ဖော်ပြထားပါတယ်။
ထိလွယ်ရှလွယ်တဲ့ အပစ်အခတ်ရပ်စဲရေးကာလ ၆ လ အတွင်းမှာလည်း သေဆုံးမှုတွေ ဆက်ရှိ နေသေးတယ်လို့ အေဂျင်စီက သတိပေးထားပါတယ်။
ကုလသမဂ္ဂရဲ့ ကျား၊ မ တန်းတူညီမျှရေးဆိုင်ရာ အေဂျင်စီရဲ့ အစီရင်ခံစာသစ်မှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ဂါဇာမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ် ၃၈,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။
ကုလအမျိုးသမီးများအဖွဲ့ U.N. Women ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြီးအကဲ ဆိုဖီယာ ကောလ်တောပ်က "ဂါဇာမှာ အရင်ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ယှဉ်ရင် အခုစစ်ပွဲမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ သေဆုံးမှုနှုန်းက သိသိသာသာ ပိုများနေပါတယ်" လို့ ဂျနီဗာမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
လက်ရှိ ဂါဇာရဲ့ မြေပြင်အခြေအနေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခက်အခဲတွေ ရှိနေဆဲဖြစ်ပြီး အမျိုးသမီးနဲ့ မိန်းကလေးငယ် ၁ သန်းလောက် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ အေဂျင်စီက ပြောပါတယ်။
အပစ်အခတ်ရပ်စဲရေးကာလအတွင်းမှာလည်း သေဆုံးမှုတွေ ဆက်ရှိနေတာကို အေဂျင်စီက စိုးရိမ်ကြောင်း ပြောဆိုခဲ့ပေမယ့် ကျား၊ မ ခွဲခြားထားတဲ့ အချက်အလက်တွေ မရရှိတာကြောင့် သေဆုံးသူအရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။
"အခြေခံအဆောက်အအုံတွေ အကြီးအကျယ် ပျက်စီးသွားတာကြောင့် ဂါဇာက အမျိုးသမီးနဲ့ မိန်းကလေးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုလိုမျိုး အခြေခံလိုအပ်ချက်တွေကို ရယူဖို့ ဆိုတာလည်း မဖြစ်နိုင်သလောက်ပါပဲ" လို့ ကောလ်တောပ် က ဆိုပါတယ်။
မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အကူအညီတွေ မရရှိတာကိုလည်း U.N. Women က အထူးအလေးပေး ထောက်ပြထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) စာရင်းတွေမှာ ဂါဇာမှာရှိတဲ့ မျိုးဆက်ပွားနိုင်တဲ့ အရွယ် အမျိုးသမီး ၅ သိန်းကျော်ဟာ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု၊ မီးဖွားပြီးစောင့်ရှောက်မှုနဲ့ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါကုသမှုစတဲ့ မရှိမဖြစ် ကျန်းမာရေးဝန်ဆောင်မှုတွေကို မရရှိကြဘူးလို့ ဖော်ပြထားပါတယ်။
Source:Reuters











