
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ဒေသစံတော်ချိန် ဇွန် ၂၀ ရက်က ကျင်းပပါတယ်။
ဒီအခမ်းအနားကို နယူးယောက်မြို့ခံ မြန်မာနွယ်ဖွားတွေသာမက ပြည်နယ်အသီးသီးကို ရောက်နေတဲ့ မြန်မာတွေ ပူးပေါင်းပါဝင်ခဲ့ကြပြီး ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းက ကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ပြု ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဘာသာရေးခေါင်းဆောင်တွေကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး အမြန်လွတ်မြောက်ရေးအတွက် ပါဝင်ဆုတောင်းပေးခဲ့ကြပါတယ်။
အခမ်းအနားမှာ Burma Rhythm-NYC တေးဂီတအဖွဲ့နဲ့ တွဲဖက်ပြီး အဆိုတော် ဝင်းနိုင်စိုးနဲ့ နယူးယောက်မြို့ခံအဆိုတော်တွေက အမေမေတ္တာဖွဲ့သီချင်းတွေနဲ့ ပံ့ပိုးပေးခဲ့ကြပါတယ်။










