
စစ်အာဏာရှင်ရဲ့ ကြိုတင်ကန့်သတ်ချက်တွေမထားဘဲ ဖိတ်ခေါ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ကျေးဇူးတင်တယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ဒုတိယဥက္ကဋ္ဌ(၁)တားဂျုတ်ဂျားက ပြောတဲ့အကြောင်း စစ်အာဏာရှင် ဝါဒဖြန့် သတင်းစာမှာ ဖော်ပြပါတယ်။
ဇူလိုင် ၁၉ ရက်က နေပြည်တော်မှာရှိတဲ့ ရွှေနန်းတော်ဟိုတယ်မှာ ပြုလုပ်တဲ့ စစ်အာဏာရှင် လက်အောက်ခံ ငြိမ်းချမ်းရေးအဖွဲ့ (NSPNC) နဲ့ တွေ့ဆုံပွဲမှာ TNLA ဒုဥက္ကဋ္ဌ (၁) တားဂျုတ်ဂျားက အခုလို ပြောဆိုတာလို့ ဆိုပါတယ်။
ဆွေးနွေးပွဲမှာ စစ်တပ်ဘက်က ဒေသတည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနှဲ့ ပညာရေး၊ ကျန်းမာရေးဆိုင်ရာတွေကို ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့သလို၊ TNLA ဒုဥက္ကဋ္ဌ (၁) တားဂျုတ်ဂျားကလည်း ဒီဆွေးနွေးပွဲကနေ အပြုသဘောဆောင်တဲ့ ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်လာမယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်။
နှစ်ဖက်ရရှိတဲ့ သဘောတူညီချက်တွေကို မှတ်တမ်းတင် လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ စစ်အာဏာရှင်ဘက်က သတင်းထုတ်ပြန်ပါတယ်။ TNLA နဲ့ စစ်အာဏာရှင်တပ်ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ၂၀၂၅ အောက်တိုဘာလကုန်ပိုင်းစပြီး ယာယီအပစ်ရပ်ခဲ့ကြပါတယ်။
Photo: MOI











