DVB Logo
Home
မြန်မာသတင်း
ရှမ်းတပ် နှင့် အစိုးရတပ် ပစ်ခတ်မှုဖြစ်၊ ရွာသူကြီးအပါအ၀င် ၇ ဦး ဖမ်းဆီးခံရ
DVB
·
August 26, 2015
ရှမ်းတပ် နှင့် အစိုးရတပ် ပစ်ခတ်မှုဖြစ်၊ ရွာသူကြီးအပါအ၀င် ၇ ဦး ဖမ်းဆီးခံရ
Donate to DVB

မကြာသေးခင်ကမှ အစိုးရနဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ် လက်မှတ်ရေးထိုးမယ်လို့ ကြေညာထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့နဲ့ အစိုးရတပ်တွေ သြဂုတ် ၂၅ ရက်နေ့ မနက်ပိုင်းက ပစ်ခတ်မှု ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။

ကွန်ဟိန်းအခြေစိုက် ခလရ ၂၄၆ လက်အောက်ခံ အစိုးရတပ်ဖွဲ့ဝင်နဲ့ အဲဒီနယ်မြေထဲမှာ လှုပ်ရှားနေတဲ့ သူတို့တပ်ဖွဲ့ဟာ တောထဲမှာ ထိပ်တိုက်ရင်ဆိုင်မိပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ မနက် ၁၀ နာရီခွဲလောက်က အစိုးရတပ်နဲ့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ထိတွေ့ပစ်ခတ်ခဲ့ကြတယ်။ ကွန်ဟိန်းမြို့ တောင်ဘက် ၀မ်လောဝ်းကျေးရွာအုပ်စုဘက်မှာ တနေရာ၊ ခိုလမ်ဘက်မှာ တနေရာ၊ တနေရာနဲ့ တနေရာ ဖြစ်တာသိပ်မကွာဘူး၊ အဓိကကတော့ ကျနော်တို့အဖွဲ့ လှုပ်ရှားနေတဲ့ တောအုပ်ထဲကို အစိုးရတပ်က ၀င်လာလို့ပါ။ အစိုးရတပ်ဘက်က အင်အား ၅၀ လောက်ရှိမယ်။ ပစ်ခတ်ချိန်က မကြာပါဘူး ခဏလေးပဲ။ သူတို့ဘက်က တယောက်ကျပြီး ဒဏ်ရာရသူတွေလည်းရှိတယ်။ ကျနော်တို့ဘက်တော့ မရှိဘူး၊ ဒါပေမယ့် တိုက်ပွဲပြီးတော့ အစိုးရစစ်တပ်က ရွာထဲ ၀င်မွှေပြီး  ရွာသူကြီး လုံးနန်တနဲ့ ရွာသား ၇ ယောက်ကို ဖမ်းခေါ်သွားတယ်လို့ ကျနော်တို့တပ်က သတင်းပို့လာပါတယ်။”

ဒီပစ်ခတ်မှုမှာ ဘာမှမဆိုင်တဲ့ ရွာသားတွေ အဖမ်းခံရတာနဲ့ ပတ်သက်ပြီး သူတို့တွေ ပြန်လည်လွတ်မြောက်လာဖို့ သက်ဆိုင်ရာနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

အခုလို ပစ်ခတ်မှု ဖြစ်ပွားရတာဟာ အစိုးရတပ်ဘက်က ပဏာမ အပစ်ခတ်ရပ်သဘောတူချက်ကို မလိုက်နာလို့ဖြစ်ကြောင်း၊ ရှမ်းပြည်တပ်မတော်နဲ့ အစိုးရငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ ပဏာမအပစ်ခတ်ရပ် လက်မှတ်ထိုးစဉ်က နယ်မြေထဲကို လက်နက်ကိုင်ဆောင်ပြီး မ၀င်ရောက်ဖို့၊ ၀င်ရောက်မယ်ဆိုရင် ကြိုတင်အကြောင်းကြားဖို့ ဆိုတဲ့ အချက်ပါဝင်ပေမယ့် အစိုးရတပ်ဘက်က အကြောင်းမကြားဘဲ ၀င်ရောက်လာတာလို့ ဆိုပါတယ်။

ဒါပေမယ့် ဒေသတွင်းအခုလို ထိတွေ့ပစ်ခတ်မှုတွေကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ် လက်မှတ်ရေးထိုးမယ့်ကိစ္စ၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိစ္စတွေတော့ ထိခိုက်မှာ မဟုတ်ဘူးလို့  ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။

“ကျနော်တို့ အစိုးရနဲ့ ပဏာမ အပစ်ခတ်ရပ်လက်မှတ်ရေးထိုးပြီးတဲ့နောက် ၄ နှစ်တာ ကာလတွင်း ဒီလိုထိတွေ့ပစ်ခတ်မှုတွေက အကြိမ် ၂၀၀ လောက် ဖြစ်ခဲ့တယ်။ ဒါပေမယ့် ဒါတွေဟာ တမင်သက်သက် စစ်ကြောင်းနဲ့ချီပြီး စစ်မြေပြင်မှာ တိုက်ခိုက်ကြတာမဟုတ်ဘဲ တောထဲ သွားရင်းလာရင်း၊ နယ်မြေကျွံရင်းဖြစ်ကြတာဆိုတော့ တပြည်လုံး အပစ်ခတ်ရပ်ကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စတွေကို မထိခိုက်ပါဘူး၊ ရည်ရွယ်ချက်အတိုင်း ဆက်သွားရမှာပါ။ ကျနော်တို့ အပစ်ခတ်ရပ်လက်မှတ်ထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ပြီးရင် ခုလိုထိတွေ့မှုပြဿ     နာတွေ ပြေလည်သွားမှာပါ။”

အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ဟာ   ကေအန်ယူ၊ ဒီကေဘီအေ၊ ကေအန်ယူ - ကေအန်အယ်လ်အေ ကရင်ငြိမ်းချမ်းရေးကောင်စီ စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးတွဲပြီး  အစိုးရနဲ့ တပြည်လုံး အပစ်ခတ်ရပ်လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ကြောင်း ကြေညာချက်တစောင်ကို သြဂုတ် ၁၇ ရက်နေ့ နေ့စွဲနဲ့  ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ပွဲအပြီး အစိုးရတပ်က ဖမ်းဆီးသွားတဲ့ ဆိုင်းခေါင်ရွာသူကြီး လုံးဟိန်နန္ဒနဲ့ ရွာသား ၇ ဦးဟာ ဒီကနေ့ မနက်က ပြန်လွတ်လာကြပြီလို့ ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ်  ဒေါ်နန်းဝါနုက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ မနေ့က အဖမ်းခံရတာကို သိသိချင်း ကျမက အမ်ပီစီက ၀န်ကြီး ဦးအောင်မင်းဆီ စာတစောင်ရေးပို့တယ်။ ဦးလှမောင်ရွှေဆီလည်း ဖုန်းဆက်တယ်။ ပြီးတော့ နယ်မြေနယ်က စစ်တပ်ဗျူဟာမှူးဆီလည်း အကြောင်းကြားပါတယ်။ ဒီနေ့မနက်မှာတော့ သူတို့အားလုံး ရွာကို ပြန်ရောက်ပြီလို့ ရွာက ဖုန်းဆက်အကြောင်းကြားလာပါတယ်။”

သူတို့တွေ အခုလို ပြန်ရောက်လာပေမယ့်လည်း  အစိုးရစစ်ကြောင်းတွေဟာ ကွန်ဟိန်းမြို့နယ်ထဲကို ထပ်မံဝင်ရောက်လာတာ တွေ့ရတဲ့အတွက် ဒေသခံတွေက တိုက်ပွဲဖြစ်မှာကို စိုးရိမ်နေကြတယ်လို့  ဒေါ်နန်းဝါနုက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013