DVB Logo
Home
မြန်မာသတင်း
တအာင်းနှင့်ရှမ်းတပ်တို့ တိုက်ပွဲကြောင့် ရွာသား ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ၊ ထောင်ချီထွက်ပြေး
DVB
·
December 21, 2016
တအာင်းနှင့်ရှမ်းတပ်တို့ တိုက်ပွဲကြောင့် ရွာသား ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ၊ ထောင်ချီထွက်ပြေး
Donate to DVB

 

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ် ပန်လုံရွာမှာ တီအန်အယ်လ်အေ တအာင်းပလောင်တပ်နဲ့ အာစီအက်စ်အက်စ် ရှမ်းတပ်တို့ကြား ယမန်နေ့က တိုက်ပွဲဖြစ်ပွားတဲ့အတွက် ရွာသူ ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရကာ ဘုန်းကြီးကျောင်းနဲ့ အိမ်တွေလည်း မီးလောင်ပြီး လူတစ်ထောင်ကျော် ဘေးလွတ်ရာထွက်ပြေးနေရပါတယ်။

အာစီအက်စ်အက်စ်တပ်ဟာ ပန်လုံရွာအနီးကို ရောက်ရှိလာပြီး ရွာထဲမှာလည်း တီအန်အယ်လ်အေတပ်ဖွဲ့တွေက ရှိနေတဲ့အတွက် မနေ့မနက် ၅ နာရီခွဲလောက်က စတင်ပစ်ခတ်ကြကြောင်း၊ လက်နက်ကျည်တွေဟာ ရပ်ကွက် ၂ ဈေးအနီးမှာ ကျလာလို့ သေဆုံးဒဏ်ရာရခဲ့ကြတယ်လို့  ပန်လုံကျေး ရွာဆေးပေးခန်းက သူနာပြုဆရာမ ဒေါ်အေးစံက ဒီဗွီဘီကို ပြောပါတယ်။

“တီအန်အယ်လ်အေက ရွာထဲမှာ၊ အာစီအက်စ်အက်စ်က ရွာပြင်မှာရှိတယ်လို့ ကြားတယ်လေ၊ အဲလောက်ဖြစ်မယ်လို့မထင်ဘူး။ မနက်ထလာတာ ပစ်ခတ်သံတွေကြားတယ်။ ပြီးတော့ လေးငါးချက်ပစ်တယ်၊ ဆက်ပြီးတော့ ဆယ့်ငါးချက်လောက်ပြန်ပစ်တယ်၊ လက်နက်ကြီးတွေပြန်ကျတယ်။ ပန်လုံရဲ့ ဈေးနားမှာ ရပ်ကွက် ၂ ရှိတာ၊ ဦးအိုက်ယုရဲ့ သမီး နန်းမွေးအောင် အသက် ၁၈ နှစ်ပဲရှိသေးတယ်။ သူဈေးကပြန်လာတာ ကျည်ဆန်က သူ့ခေါင်း တည့်တည့်ထိမှန်သွားတယ်။ သူ့ကို ကြည့်ပြီးမှ မကယ်နိုင်တော့ဘူး။ အသက် မရှိတော့ဘူးဆိုတော့ ထင်းပုံမှာပဲ ထားခဲ့တယ်။ နောက်ပြီး သူတို့အိမ်နားကပဲ ဒေါ်နန်းထွန်း အသက် ၅၀ လောက်ရှိတယ်၊ သူလည်း ခြေထောက်ကို ကျည်ဆန်မှန်တာ မန်စံဆေးရုံကနေ လားရှိုးဆေးရုံကိုပို့လိုက်တယ်၊ ကျမတို့လည်း မနေရဲတော့ဘူးလေ၊  အကုန်ပြေးကြတယ်။ နမ္မတူ နဲ့ ပန်လုံကြားမှာ တီအန်အယ်လ်အေနဲ့ တွေ့ပြီး သူတို့က ၀ါးလုံးတွေနဲ့ လမ်းပိတ်ထားတယ်၊ နင်တို့ သေချင်ရင်သွား လို့ပြောတယ်။ အဲဒီမှာ ၃ -၄ နာရီကြာပြီးမှ ပေးသွားတယ်။ အခုလူ ၂၀၀ ကျော် ၃၀၀ လောက် မန်စံကျောင်းမှာ ရောက်နေတယ်။ ရွာမှာလည်း ပိတ်မိနေတဲ့ လူတွေ အများကြီး ကျန်ခဲ့တယ်။”

ဒါ့အပြင် ပန်လုံရွာတောင်ဘက်မှာလည်း လက်နက်ကြီးကျလို့ နေအိမ် ၅ လုံး မီးလောင်သွားပြီး ပန်လုံ ဘုန်းကြီးကျောင်း ဇရပ်လည်း ပျက်စီးသွားတယ်လို့ သူကဆက်ပြောပါတယ်။

ပန်လုံရွာကြီးဟာ မန်စံ နဲ့ သီပေါသွားကားလမ်းပေါ်မှာ တည်ရှိပြီး ရပ်ကွက်ပေါင်း ၄ ခု၊ အိမ်ခြေ ၃၀၀ ကျော်ရှိကြောင်း၊ အခုတော့ ရွာထဲမှာ တီအန်အယ်လ်အေ စစ်သားတွေ ၀င်နေနေတဲ့အတွက် လူတွေအားလုံး မန်စံရွာနဲ့ သီပေါမြို့နယ်ဘက်ကို ထွက်ပြေးသွားကြပြီလို့ ဒေါ်အေးစံက ပြောပါတယ်။

မန်စံလူငယ်အဖွဲ့က စိုင်းကွမ်ဟိုင်းကလည်း ပန်လုံရွာအပြင် အနီးတ၀ိုက်မှာလည်း တိုက်ပွဲုဖြစ်တဲ့အတွက်  မနေ့က နားဟုတ်၊ မန့်မိုင်၊ ဆန်ခါ၊ ကောင်းဟုန်း၊ လုံမိတ်၊ ပန်လုံ၊ ပန်ဟတ်၊ ပန်ဆော့ မန်ဆာ စတဲ့ရွာက လူပေါင်း ၈၀၀ ကျော် မန်စံရွာဘက်ကို ထွက်ပြေးလာကြောင်း၊ သူတို့ကို ဘုရားကုန်းကျောင်း၊ ရွှေစကားဝါမြောက်ကျောင်း၊ ကမ္မဌာန်းကျောင်းတိုက်တွေမှာ နေရာချထားပေးပြီး အစားအသောက်နဲ့ အ၀တ်အထည်တွေ အကူအညီလိုအပ်နေတယ်လို့ ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013