
ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို မဖြစ်မနေတည်ဆောက်ပြီး ၅ နှစ် အတွင်း ငြိမ်းချမ်းရေးရအောင်လုပ်မယ်လို့ စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်က ပြောဆို ပါတယ်။
မေ ၂၆ ရက်က ကျင်းပတဲ့ စစ်အာဏာရှင်အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပြီး ဖက်ဒရယ်စနစ်ကိုလည်း လူမျိုးအခြေပြုတဲ့စနစ်မဟုတ်ဘဲ နယ်မြေဒေသကို အခြေပြုတဲ့ ဖက်ဒရယ် စနစ်ကို ဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။
သူတို့အစိုးရအဖွဲ့အနေနဲ့ ကောင်းမွန်တဲ့ ဦးဆောင်မှုနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင် သွားမယ်လို့လည်း ဆိုပါတယ်။
စစ်အာဏာရှင်သမ္မတက "မိမိတို့အစိုးရအနေနဲ့ ကောင်းမွန်တဲ့ ဦးဆောင်မှုတွေနဲ့ နိုင်ငံရေးအား၊ စီးပွားရေးအား၊ ကာကွယ်ရေးအားတွေ တိုးတက်လာစေဖို့၊ နိုင်ငံတကာမျက်နှာစာမှာ နိုင်ငံဂုဏ် သိက္ခာကို မြှင့်တင်သွားနိုင်ဖို့ကြိုးပမ်းဆောင်ရွက်ရပါမယ်”လို့ ပြောပါတယ်။
ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်လာအောင် ဆောင်ရွက်သွားမှာဖြစ်တဲ့အပြင် ၅ နှစ်အတွင်း ငြိမ်းချမ်းရေးရအောင် လုပ်ဆောင်မယ်လို့လည်း ဆိုပါတယ်။
တဘက်မှာလည်း တိုင်းရင်းသားဒေသတွေနဲ့ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ ဒေသတွေ မှာ စစ်တပ်က အရပ်သားတွေကိုပစ်မှတ်ထားတဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေလို့ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာ ၊ အိုးအိမ်စွန့် ခွာထွက်ပြေး နေရတာ တွေရှိနေတာပါ။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့က NCA လမ်းကြောင်းကို စွန့်ခွါပြီး စစ်တပ်နဲ့ တိုက်ပွဲ တွေ ပြန်လည်ဖြစ်ပွားနေ ပါတယ်။
ဒါပေမဲ့ စစ်အာဏာရှင်ကတော့ အဲဒီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို လက်နက်ချပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ မကြာခဏ ပြောနေသလို တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေး အမှန်တကယ် ရလိုစိတ်ရှိဖို့ လိုတယ်လို့လည်း ဆိုပါတယ်။
ဒါအပြင် နိုင်ငံရေးတည်ငြိမ်ဖို့၊ စီးပွားရေးအားကောင်းလာဖို့၊ နိုင်ငံတကာဆက်ဆံရေး ကောင်းမွန်လာဖို့ ၊ ပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလန်းတွေ ဖန်တီးပေးနိုင်ဖို့ သူတို့ အစိုးရအနေ နဲ့ အစွမ်းကုန်ကြိုးစားသွားမယ်လို့ စစ်အာဏာရှင်က ဆိုပါတယ်။










