
“ဒီတခါ ရေကြီးတာ အသက် ၄၀ မှာ တခါမှမကြုံဖူးသေးဘူး။ စစ်ရှောင်တဲထဲကို ရေတွေ တက်လာတယ်။ ကလေးတွေက အကုန်လန့်နေကြတော့ မကြောက်နဲ့ အမေရှိတယ်ဆိုပြီး ကလေးတွေကို ဘုန်းကြီးကျောင်းထိ သယ်ရတယ်။ သွားရင်းနဲ့ ရေက ခါးထိရောက်လာတာ။ ဘာကြောင့်ဒီလောက်ရေကြီးရလဲဆိုရင်စစ်တပ်က ရေဖောက်ချလို့ ထင်တာပဲ။ သဖန်းဆိပ်ဆည်က ရေကို သူတို့ တအားကြီး လွှတ်လိုက်တာ၊ လျှော့မလွှတ်ဘူး။ အဲတော့ ရေတိုးတာ မြန်လွန်းတယ်။ ပြည်သူတွေက တအား ဒုက္ခရောက်ကြရတယ်။ စစ်ဘေးဒဏ် ခံနေရတဲ့ ပြည်သူတွေကို သဘာဝဘေး ခံရအောင် ထပ်လုပ်တာ"လို့ စစ်ဘေးရှောင်လာရတာ ၄ နှစ်ကျော်လာပြီဖြစ်တဲ့ မခိုင်ဇင်က ပြောပါတယ်။
မခိုင်ဇင် ယောက် စစ်ရှောင်တဲ့နေရာကို ရေတွေမြုပ်လို့ နောက်တခါ ထပ်ရွေ့ပြောင်းရ ပြန်ပါတယ်။ ဒါပေမဲ့ ဘယ်နေရာမှာ နောက်တခါပြန်အခြေချရမလဲဆိုတာတော့ သူသေချာမ သိသေးပါဘူး။
စစ်ကိုင်းတိုင်း၊ ရွှေဘိုနယ်ထဲက ဇီးဖြူကုန်းရွာမှာရှိတဲ့ သူတို့မိသားစုနေအိမ်ကတော့
စစ်တပ်အာဏာသိမ်းစကတည်းက စစ်ကောင်စီတပ်တွေရွာထဲဝင်မီးရှို့လို့ ပြာပုံဖြစ်ခဲ့ရပါပြီ။
ကလေး ၃ ယောက်မိခင် မခိုင်ဇင်အတွက်တော့ ဒီလောကဓံက ခါးသီးလှပါတယ်။ စစ်ရှောင်စခန်းနားမှာ ကျောင်းတက်နေရတဲ့ သူ့ကလေးတွေ ရေကြီးလို့ ယာယီ ကျောင်းပိတ်ထားရပြီး ပြိုကျသွားတဲ့ စစ်ရှောင်တဲကိုလည်းပြန်လည် မထူနိုင်သေးပါဘူး။
စစ်ကိုင်းတိုင်းအတွင်း မြို့နယ် ၁၃ ခုထက်မနည်းမှာ မိုးဆက်တိုက်ရွာသွန်းမှုနဲ့ သဖန်းဆိပ်ဆည်က ရေလွှတ်ချခဲ့မှုကြောင့် မြစ်ဝှမ်းတလျှောက် ရေကြီးရေလျှံမှုတွေ ပြင်းထန်ခဲ့ရတာ ဖြစ်ပါတယ်။ ရေဘေးသင့် ပြည်သူ ၂၂၇,၄၅၁ ယောက် ရှိခဲ့ပြီး အနည်းဆုံး ၂၅ ယောက် သေဆုံးခဲ့ရသလို၊ စိုက်ပျိုးမြေ ဧက ၁၀,၀၀၀ ကျော်လည်း ရေမြုပ် ပျက်စီးခဲ့ရ ပါတယ်။
မခိုင်ဇင်လိုပဲ စစ်ပွဲကြောင့် အိမ်မီးရှို့ခံရပြီး တောထဲ ပုန်းအောင်းနေချိန် ရေကြီးမှုနဲ့ ထပ်မ ကြုံလိုက်ရတဲ့ စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်ထဲက သမရိုးရွာမှာနေတဲ့ အသက် ၆၇ နှစ်အရွယ် အဘွား ဒေါ်ကြည်ကလည်း စစ်အာဏာသိမ်းမှုနဲ့ သဘာဝဘေးကြားမှာ သူ ကြုံရတဲ့ခါးသီးမှုကို အခုလိုရင်ဖွင့်လာပါတယ်။
အဘွားဒေါ်ကြည်က "အိမ်မီးရှို့ခံထားရလို့ တောထဲနေတာ အခု ရေထပ်မြုပ်တယ်။ ရေလာမှာကို ကြိုမသိဘူးလေ မဝင်တာကြာပြီ ဖြစ်လာတော့လည်း ရင်ဆိုင်ရတာပဲ။ ရေကြီးဖူးပေမဲ့ အဲ့တုန်းက နိုင်ငံရေး ကောင်းတယ်လေ။ အခုက ခေါင်းမော့ကြည့်လည်း လေယာဉ်ကြဲချမှာ ကြောက်ရ အရင်က ကပ်ကြီး၃ ပါးပဲ ရှိတယ်ထင်တာ ရေဘေး၊ ငလျင်ဘေး၊ မီးဘေး... အခု မင်းဘေး...ကပ်ကြီးဘယ်နှပါးလဲမသိတော့ဘူး’’ လို့ သူ့သက်တမ်းတလျောက်ကိုမေးခွန်းထုတ်နေပါတော့တယ်။

မြန်မာနိုင်ငံ အထက်ပိုင်းအပါအဝင် ဒေသအတော်များများမှာ မိုးကြီးပြီး ရေကြီးရေလျှံမှုတွေ ကြောင့် လူဦးရေ ၆ သိန်းကျော်အထိ ရေဘေးသင့်ခဲ့ရသလို၊ အနည်းဆုံး လူ ၃၂ ယောက် သေဆုံးပြီး ၂ ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာရေးနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ဩဂုတ် ၂၁ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဒီအထဲမှာမှ စစ်ကိုင်းတိုင်းဟာ ရေဘေးသင့်သူ ၂၆၇,၂၆၃ ယောက် ၊ သေဆုံးသူ ၂၄ ယောက်နဲ့ ပျောက်ဆုံးသူ ၂ ယောက် အထိ ရှိခဲ့တာမို့ ထိခိုက်ပျက်စီးမှု အများဆုံး ခါးဆည်းခံခဲ့ရတဲ့ ဒေသ ဖြစ်ခဲ့ပါတယ်။
Women for Justice ရဲ့ အစီရင်ခံစာ အချက်အလက်တွေအရ ဒီ ရေဘေးသင့်သူတွေအနက် ၆၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ကြပြီး အမျိုးသား ၄၀ ရာခိုင်နှုန်းထက် ပိုမို များပြားနေတာ တွေ့ရပါတယ်။

ရေဘေးကြားမှာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ စနစ်တကျ မီးဖွားဖို့နဲ့ အရေးပေါ် ဆေးကုသဖို့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ခက်ခဲနေကြ ရပါတယ်။ ဒါ့အပြင် ယာယီစခန်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေ ပြတ်လပ်တာ၊ မသန့်ရှင်းတဲ့ ရေကို သုံးရတာကြောင့် သားအိမ်နဲ့ မျိုးပွားအင်္ဂါ လမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှုတွေ ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။
ဒီလို ရေဘေးသင့် အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ ကျန်းမာရေးနဲ့ လုံခြုံရေး အခက်အခဲတွေနဲ့ ပတ်သက်ပြီး Women for Justice အမျိုးသမီးအဖွဲ့ တာဝန်ရှိသူ DRose က ထောက်ပြပါတယ်။
“ယာယီစခန်းတွေနဲ့ စစ်ရှောင်တဲတွေမှာ လုံခြုံတဲ့ သီးသန့် ရေချိုးခန်းနဲ့ အိမ်သာ မရှိလို့ အမျိုးသမီးတွေဟာ လစဉ်သုံးပစ္စည်း ပြတ်လပ်မှုကြားထဲ အဝတ်စုတ်တွေကို မသန့်ရှင်းတဲ့ ရေဘေးရေတွေနဲ့ လျှော်ဖွတ် သုံးစွဲနေရပါတယ်။ ဒါကြောင့် သားအိမ်နဲ့ မျိုးပွားအင်္ဂါ လမ်းကြောင်းဆိုင်ရာ ရောဂါပိုးဝင်မှုတွေ ဖြစ်ပွားဖို့ သေချာသလောက် ရှိနေပြီး ပုံမှန် မီးဖွားစောင့်ရှောက်မှု မရတဲ့ ကိုယ်ဝန်ဆောင်တွေမှာလည်း မိခင်ရော ကလေးပါ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဒီရေဘေးက အမျိုးသမီးတွေရဲ့ အသက်ကို မိနစ်နဲ့အမျှ ခြိမ်းခြောက်နေတာပါ"
ဒီလိုရေဘေးဒဏ်ကြောင့် ဒုက္ခရောက်နေချိန်မှာတောင် စစ်အာဏာရှင်အစိုးရက ဒေသ ၁၁ ခုကို လေကြောင်းကနေ ၂၃၉ ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အပြစ်မဲ့အရပ်သား ၈၈ ယောက် သေဆုံးခဲ့ရပြီး၊ ရေဘေးအဆိုးဆုံး ခံနေရတဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာပါ လူပေါင်း ၃၇ ယောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။
ရေဘေးနဲ့ လေကြောင်းရန် ပူးတွဲကြုံနေရချိန်မှာ အမျိုးသားတွေ သေဆုံးတာ သို့မဟုတ် ဝေးကွာနေတာတွေကြောင့် အမျိုးသမီးတွေဟာ မိသားစုကို ကာကွယ်စောင့်ရှောက်ဖို့၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့ တာဝန်တွေကို တဦးတည်း ဦးဆောင် ထမ်းပိုးရသဖြင့် စိတ်ဒဏ်ရာ ပြင်းထန်စွာ ခံစားနေကြရတယ်လို့ Women for Justice ရဲ့ အစီရင်ခံစာ အချက်အလက်တွေအရ သိရပါတယ်။
ဒါ့အပြင် ဆန်၊ ဆားနဲ့ အခြေခံ ရိက္ခာတွေ ရေနဲ့အတူ မျောပါ ပျက်စီးသွားတာကြောင့် မိသားစု ဝမ်းရေးအတွက် အစားအစာ ဘယ်လို ရှာဖွေရမလဲဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း အမျိုးသမီးတွေက ပိုမို ခါးစည်းခံစားနေကြရပါတယ်။

အသက် ၃၈ နှစ်အရွယ် မခိုင်ဇင်ကတော့ သူ့စိတ်ပိုင်းဆိုင်ရာအခြေအနေကို အခုလိုဖွင့်ဟလာပါတယ်။
"စစ်ရှောင်နေရင်း ဒီတခါ ရေဘေးကလည်း တော်တော်ဆိုးတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကတော့ စိတ်ဆင်းရဲမှုတွေအများကြီးပဲ၊ ကျမတို့ ဘဝက မလွယ်ဘူး၊ အခက်အခဲတွေက အများကြီးပဲ။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမှာ ညအိပ်မပျော်တဲ့ ညတွေ အိပ်ရေးပျက်တဲ့ ညတွေ အများကြီးပဲ၊ စိတ်ဆင်းရဲတော့ မျက်လုံးတွေက အိပ်လို့မရဘူး... စိတ်ပိုင်းဆိုင်ရာကတော့ ငါတဦးထဲ မဟုတ်ဘူး အများဖြစ်နေတယ်ဆိုပြီး ကျော်ဖြတ်နေရပါတယ်။"

မျက်မှောက်ခေတ်မှာတော့ စစ်ပွဲပဋိပက္ခတွေနဲ့ ရာသီဥတုပြောင်းလဲမှုတွေက သီးခြားစီ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေ မဟုတ်တော့ဘဲ တခုနဲ့တခု အပြန်အလှန် ချိတ်ဆက်နေတဲ့ အကျပ်အတည်း (Intersecting Crises) ဖြစ်ကြပါတယ်။
ရာသီဥတုပြောင်းလဲမှုတွေကြောင့် အရင်းအမြစ်တွေ ရှားပါးလာခြင်းဟာ ပဋိပက္ခတွေကိုပိုမိုဆိုးရွားလာစေတဲ့အပြင် စစ်ပွဲတွေဟာလည်း ပတ်ဝန်းကျင်ကို ပိုမို ပျက်စီးစေတဲ့ အပြန်အလှန် သက်ရောက်မှုသံသရာ (Feedback Loop) ကို ဖြစ်ပေါ်စေပါတယ်။
ဒါ့အပြင်ရာသီဥတုပြောင်းလဲမှုဟာ စိတ်ကျန်းမာရေးအတွက် လူမှုရေးနဲ့ပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်တွေကို ပိုမို ဆိုးရွားစေတဲ့ "ခြိမ်းခြောက်မှုတွေကိုထပ်ဆင့်ပွားပေးတဲ့ (Threat Multiplier) အဖြစ် လုပ်ဆောင်နေပြီး၊ ဒီခြေအနေမတွေက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ်ကို အချိုးအစားမမျှတစွာ ပိုမို သက်ရောက်လျက်ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလက ရခိုင်ပြည်နယ်မှာ တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်း ၃ နှစ်ကျော်ကြာခဲ့ပေမဲ့ ရခိုင်ပြည်နယ်ထဲက အမျိုးသမီးတွေရဲ့ ဘဝကတော့ စိတ်ပိုင်း၊ ရုပ်ပိုင်းပြန်လည်ထူထောင်နေရဆဲဖြစ်ပါတယ်။

(Photo DMG)
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်သည်ကျေးရွာက မမိုးကတော့ မိုခါမုန်တိုင်းကြောင့်
ပျက်စီးသွားတဲ့ သူ့လယ်ယာနဲ့ သူ့မိသားစုကိုစွန့်ခွာပြီး စားဝတ်နေရေးအတွက် ထိုင်းနိုင်ငံမှာ ရွေ့ပြောင်းလုပ်သားတယောက် အဖြစ် ရပ်တည်နေရပါပြီ။
အသက် ၃၀ အရွယ်မမိုးက မိုခါသဘာဝဘေးသာမကြုံခဲ့ရင် သူ့ဇာတိမြေမှာပဲ
မိသားစုနဲ့အတူ ရှိနေဦးမှာဖြစ်တယ်လို့ဆိုပါတယ်။
“အစကတော့ ဒီလိုမျိုး နိုင်ငံခြားအလုပ်ထွက်လုပ်ဖို့ စိတ်ကူးမရှိခဲ့ဘူး။ မိသားစုနဲ့ ကိုယ့်ရွာ ကိုယ်ဒေမှာပဲ လုပ်ကိုင်စားသောက်ချင်တယ်။ သဘာဝဘေး အန္တရာယ်ကြောင့် လုပ်စားလို့ မရတော့ဘူး ဖြစ်သွားတယ် ဒါကြောင့် နိုင်ငံခြား ထွက်လာရတာ။ ဒီဘက်မှာလည်း အလုပ်လုပ်ရတာတော့ အဆင်မပြေဘူး။ မိသားစုကိုလည်း လုံလုံလောက်လောက် ထောက်ပံ့မပေးနိုင်ဘူး”
မမိုးတယောက်ရွာကထွက်လာပြီး နေရာသစ်မှာအခက်အခဲတွေနဲ့ရုန်းကန်နေရသလို
ရွာမှာကျန်ရစ်သူအမျိုးသမီးတွေကလည်း ရခိုင်ပြည်နယ်ထဲက နှစ်ဖက်တိုက်ပွဲတွေအကြား လယ်ယာစိုက်ပျိုးမှုတွေ ကောင်းကောင်းမလုပ်နိုင်ကြပါဘူး။
လယ်ယာလုပ်ငန်းကိုဦးဆောင်သူအမျိုးသားတွေက တိုက်ပွဲတွေနဲ့ စစ်မှုထမ်းဥပဒေကြောင့် နေရပ်စွန့်ပြီး အလုပ်သွားလုပ်နေရတာကြောင့် ဦးစီးသူမဲ့ တဲ့လယ်ယာလုပ်ငန်းခွင်တွေမှာ ခက်ခက်ခဲခဲရပ်နေရုန်းကန်နေကြရပါတယ်။

စစ်ပွဲကြောင့် နေရပ်စွန့်ခွာရတာ၊ ဝင်ငွေနဲ့ ချစ်ရသူတွေကို ဆုံးရှုံးရတာတွေက စိုးရိမ်စိတ် လွန်ကဲတာနဲ့ PTSD စိတ်ဒဏ်ရာတွေကို ပိုဆိုးစေပါတယ်။ ဒါ့အပြင် သဘာဝဘေးကြောင့် ပတ်ဝန်းကျင် ပျက်စီးသွားတဲ့အခါ ခံစားရတဲ့ စိတ်ထိခိုက်မှုနဲ့ ရာသီဥတု ဖောက်ပြန်မှာကို အမြဲ စိုးရိမ်နေရတဲ့ ဖိအားတွေဟာ အမျိုးသမီးတွေရဲ့ နေ့စဉ်ဘဝနဲ့ အိပ်စက်မှုတွေကိုပါ တိုက်ရိုက် ထိခိုက်စေပါတယ်။
ရာသီဥတု ဖောက်ပြန်လို့ စိုက်ပျိုးရေးတွေ ပျက်စီးတာ၊ အစားအသောက်နဲ့ ရေ ရှားပါးလာတာတွေဟာ ရေဘေးသင့် အမျိုးသမီးတွေရဲ့ ရိက္ခာ လုံခြုံရေးကို တိုက်ရိုက် ခြိမ်းခြောက်နေပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ စိတ်ကျန်းမာရေးဆိုတာ ပြည့်စုံတဲ့ သုခအခြေအနေတခု ဖြစ်ပါတယ်။ ဒါပေမဲ့လည်း စိတ်ကျန်းမာရေးကဏ္ဍဟာ လက်ရှိမှာ နိုင်ငံတကာ ကျန်းမာရေးအကူအညီတွေရဲ့ ၁ ရာခိုင်နှုန်းအောက်ပဲ ရရှိနေသလို၊ ရာသီဥတုဆိုင်ရာ ကျန်းမာရေး ပြင်ဆင်မှုတွေအတွက်လည်း ၀ ဒသမ ၅ ရာခိုင်နှုန်းလောက်ပဲ သုံးစွဲနေရတာမို့ ကဏ္ဍစုံ ပေါင်းစပ်ဆောင်ရွက်ဖို့ အရေးပေါ် လိုအပ်နေပါတယ်။
ရာသီဥတုဆိုင်ရာ စဉ်းစားချက်တွေကို စိတ်ကျန်းမာရေးနဲ့ လူမှုစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု (MHPSS) မူဝါဒတွေထဲ ထည့်သွင်းဖို့၊ လူထုအခြေပြု ဘက်စုံကဏ္ဍစုံ ချဉ်းကပ်ပုံကို သုံးစွဲဖို့နဲ့ ရန်ပုံငွေ ကွာဟချက်တွေကို ဖြေရှင်းသွားဖို့ WHO က အဓိက လမ်းညွှန်ထားပါတယ်။
ရာသီဥတု ဖောက်ပြန်မှုတွေဟာ အမျိုးသမီးတွေအပေါ် ပိုမို ပြင်းထန်စွာ သက်ရောက်နေ တယ်ဆိုတာကို Intergovernmental Panel on Climate Change (ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ အစိုးရများအကြား ညှိနှိုင်းရေးအဖွဲ့) IPCC က "ယုံကြည်စိတ်ချရမှု အလွန်မြင့်မားတယ်" လို့ အတည်ပြုထားပြီး ဖြစ်ပါတယ်။
စိတ်ကျန်းမာရေးနဲ့ လူမှုစိတ်ပိုင်းဆိုင်ရာ ကုစားမှုတွေကို ရာသီဥတုနဲ့ ပဋိပက္ခတုံ့ပြန်ရေး လုပ်ငန်းတွေရဲ့ အလယ်ဗဟိုမှာ အဓိကထား ဆောင်ရွက်ပေးမှသာ စစ်ပွဲနဲ့ သဘာဝဘေးကြား ဒုက္ခရောက်နေကြတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ရာသီဥတုဘေးနဲ့ ပဋိပက္ခကြား ခါးစည်းခံနေရတဲ့ အမျိုးသမီးတွေကို ကူညီရာမှာ MHPSS လို့ခေါ်တဲ့ စိတ်ကျန်းမာရေး ပံ့ပိုးမှုတွေကို အရေးပေါ် လုပ်ငန်းစဉ်အဖြစ် ထည့်သွင်းပေးဖို့ Women for Justice အမျိုးသမီးအဖွဲ့ တာဝန်ရှိသူ DRose က တောင်းဆိုပါတယ်။
"ရာသီဥတုပြောင်းလဲမှုနဲ့ ပဋိပက္ခ တုံ့ပြန်ရေး လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေရဲ့ စိတ်ကျန်းမာရေးနဲ့ လုံခြုံရေးကို ကယ်ဆယ်ရေးပြီးမှ လုပ်ရမဲ့ နောက်ဆက်တွဲအလုပ်လို့ မသတ်မှတ်ဘဲ အရေးပေါ် လုပ်ငန်းစဉ်တွေရဲ့ ရှေ့တန်းမှာ မဖြစ်မနေ ထည့်သွင်း စဉ်းစားရပါမယ်။ ထမင်းကျွေးရုံနဲ့ စိတ်ဒဏ်ရာ မပျောက်နိုင်သလို၊ စိတ်ပိုင်းဆိုင်ရာ ကုစားမှုဟာလည်း ဗိုက်ဆာနေရင် မထိရောက်နိုင်တာကြောင့် နှစ်ခုစလုံးကို တပြိုင်တည်း တွဲလုပ်ရပါမယ်" လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ၄ နှစ်လုံးလုံး ပြာပုံဖြစ်သွားတဲ့ သူ့အိမ်ကိုစိတ်ကူးနဲ့ပဲပုံဖော်ကြည့်နေရတဲ့
မခိုင်ဇင်ရဲ့ ရိုးရှင်းတဲ့ အိမ်မက်ကတော့ သူ့အိမ်ကိုပြန်ချင်တာလို့ဆိုလာပါတယ်။
‘’ကျမတို့ ဒီအခြေအနေတွေ စစ်ဘေး သဘာဝဘေး ပြီးသွားရင် အေးအေးချမ်းချမ်းပဲ နေချင်တယ်၊ စိတ်သောကရောက်တဲ့ ကာလကို မနေချင်တော့ဘူး... ကျမတို့ ရွာပြန်ချင်တာပါ။ "
မချစ်မွန်
Photo: မင်းခန့်ကျော်











