
ဂျပန်နိုင်ငံမှာ နွေရာသီ အပူချိန် မြင့်တက်လာမှုနဲ့အတူ လုပ်ငန်းခွင်မှာ ဂျပန်အမျိုးသားတွေ ဘောင်းဘီတိုနဲ့ ရုံးတက်နေတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။
ဒါဟာ ဂျပန်နိုင်ငံမှာ ဘယ်တုန်းကမှ မဖြစ်ဘူးတဲ့ အဖြစ်အပျက်ဖြစ်ပေမဲ့ အပူလှိုင်းဖြတ်ချိန်မှာ ခန္ဓာအပူဒဏ် သက်သာတဲ့ အဝတ်အစားတွေ ဝတ်ဖို့ တိုကျိုအုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားတာပါ။
အပူချိန်မြင့်မားလာတာကြောင့် တီရှပ်၊ ဘောင်းဘီတိုတွေလိုမျိုး ပေါ့ပေါ့ပါးပါး အဝတ်အစားတွေ ဝတ်ဆင်ဖို့ ကုမ္ပဏီဝန်ထမ်းတွေကို တိုက်တွန်းထားပါတယ်။
ဂျပန်နိုင်ငံမှာ နွေရာသီကာလ ၄ လ ကြာမြင့်မှာဖြစ်ပြီး ရုံးအလုပ်လုပ်သူတွေကို ပေါ့ပေါ့ပါးပါး အဝတ်အစားတွေ ဝတ်ဆင်စေတာ ဖြစ်ပါတယ်။
ဒီလို ဘောင်းဘီတိုနဲ့ ရုံးတက်ရတာက သက်တောင့်သက်တာရှိတယ်လို့ တချို့က ကျေနပ်ကြပြီး အမျိုးသားတွေရဲ့ ခြေသလုံးမွေးတွေကြောင့် ဂျပန်အမျိုးသမီးတွေ စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့လည်း မှတ်ချက်ပေးကြပါတယ်။
တိုကျိုမြို့တော်ဝန် ကိုကီက ၂၀၀၅ ခုနှစ်ကတည်း နွေရာသီကာလတွေမှာ အပူဒဏ်သက်သာစေမဲ့ အဝတ်အစားတွေ ဝတ်ဆင်ဖို့ Cool Biz ဆိုတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။
အဲဒီတုန်းက လည်စည်း စည်းတာ၊ ကုတ်အင်္ကျီဝတ်တာမျိုး မလုပ်ဘဲ လက်တိုအင်္ကျီ ဝတ်ဆင်စေခဲ့တာမျိုး ပြုလုပ်ခဲ့တာပါ။
အဲဒီအချိန်က ဂျပန်ဝန်ကြီးချုပ်ဖြစ်တဲ့ ကိုအိဇုမိ ကိုယ်တိုင်လည်း လည်စည်းနဲ့ ကုတ်အင်္ကျီ မပါဘဲ လူပုံအလယ်မှာ မကြာခဏ မြင်တွေ့ခဲ့ရဖူးပါတယ်။
ဂျပန်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်လိုပဲ ဒီနှစ်မှာလည်း အပူချိန် မြင့်မားမှုဒဏ်ကို ရင်ဆိုင်နေရပါတယ်။ တိုကျိုမြို့အပူချိန် ၃၅ ဒီဂရီ ဆဲစီးယက်ရှိပြီး ပုံမှန်အပူချိန်ထက် ၂ ဒသမ ၃၆ ဒီဂရီ ပိုများနေတာပါ။
ဇူလိုင် ၂၃ ရက်နေ့မှာတော့ ဂျပန်နိုင်ငံအလယ်ပိုင်း မြို့ ၃ မြို့မှာ အပူချိန် ၄၀ ဒီဂရီ ဆဲစီးယက်ထက်တောင် ကျော်လွန်ပြီး အပူချိန် ပိုပြီး ပြင်းထန်လာတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့နှစ်က အပူဒဏ်ပြင်းထန်မှုကြောင့် လူ ၁၀,၀၀၀ ကျော် ဆေးရုံတက်ခဲ့ရပါသေးတယ်။
ဗုဒ္ဓဟူးနေ့က အပူဒဏ်ကြောင့် လူတယောက် သေဆုံးခဲ့ကာ လူပေါင်း ၄၅၃ ယောက်ကို ဆေးရုံ ပို့ဆောင်ပေးခဲ့ရတယ်လို့ တိုကျိုမီးသတ်ဌာနက ပြောပါတယ်။
ဒါဟာ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း အပူချိန်ပြင်းထန်မှုကြောင့် ဆေးရုံတက်ရတဲ့ အများဆုံးပမာဏပဲ ဖြစ်ပါတယ်။
ဂျပန်တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ပြီးခဲ့တဲ့အပတ်အတွင်း လူ ၁၁,၀၀၀ အပူချိန် အန္တရာယ်ကြောင့် ဆေးရုံပို့ဆောင်ခဲ့ရပါတယ်။











