DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့ စေလွှတ်ရန် အီးယူ-မြန်မာ သဘောတူ
DVB
·
August 21, 2015
ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့ စေလွှတ်ရန် အီးယူ-မြန်မာ သဘောတူ
Donate to DVB

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ရေးနဲ့ ပတ်သက်ပြီး အီးယူ ဥရောပသမဂ္ဂနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့ သဘောတူ လက်မှတ်ထိုးလိုက်ပါတယ်။

အီးယူရဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို မြန်မာပြည်ဆိုင်ရာ အီးယူသံအမတ်ကြီး ရိုလန်ကိုဘီယာနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဒေါ်မြင့်ကြည်တို့ သြဂုတ် ၂၁ ရက်က  နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့တာလို့ အီးယူက သတင်းထုတ်ပြန်ပါတယ်။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်တာဟာ အားလုံးပါဝင်နိုင်ပြီး ပွင့်လင်းမြင်သာ အများယုံကြည် လက်ခံနိုင်မှုတွေရှိတဲ့ ရွေးကောက်ပွဲတွေကို ကူညီပံ့ပိုးချင်တဲ့ ဥရောပသမဂ္ဂရဲ့ ဆန္ဒကို ထုတ်ဖော်ပြသတာ ဖြစ်တဲ့အပြင် ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးကို အားဖြည့်ဖို့အတွက် ဖြစ်တယ်လို့ အီးယူ သံအမတ်ကြီး ရိုလန်ကိုဘီယာက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

အီးယူ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့မှာ ကနေဒါ၊ ဆွစ်ဇာလန်နဲ့ နော်ဝေက လေ့လာစောင့်ကြည့်သူတွေ၊ အီးယူသံတမန်တွေနဲ့ အီးယူ ရွေးကောက်ပွဲဆိုင်ရာ ရေရှည်၊ ရေတို  လေ့လာစောင့်ကြည့်သူပေါင်း ၁၀၀ ကျော် ပါဝင်မှာဖြစ်ပြီး အဖွဲ့ခေါင်းဆောင်ကိုတော့  ဥရောပကော်မရှင် တာဝန်ရှိသူတွေက မကြာခင် ခန့်အပ်ဖို့ရှိတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ ကျွမ်းကျင်ပညာရှင်တွေ ပါဝင်တဲ့ အီးယူ ရွေးကောက်ပွဲ စောင့်ကြည့်ပင်မအဖွဲ့ဟာ ဝန်းကျင်အခြေအနေ လေ့လာဖို့နဲ့ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံဖို့  ရွေးကောက်ပွဲနေ့မတိုင်မီ ရက်သတ္တပတ်အနည်းငယ်မှာ မြန်မာနိုင်ငံကို ရောက်လာဖို့ ရှိနေပါတယ်။

အီးယူအဖွဲ့အနေနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ် ပြီးဆုံးတဲ့အထိ မြန်မာနိုင်ငံမှာ ဆက်ရှိနေမှာ  ဖြစ်ပြီး မြန်မာရွေးကောက်ပွဲအပေါ် လေ့လာဆန်းစစ်မှုတွေကို နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ ကိုက်ညီမှုရှိစေဖို့ ပံ့ပိုးဆောင်ရွက်ပေးသွားဖို့ရှိပြီး အကြံပြုချက်တွေနဲ့ အစီရင်ခံစာတွေလည်း ထုတ်ပြန်ဖို့ရှိပါတယ်။

ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေအတွက် ကူညီပံ့ပိုးပေးဖို့ ယူရိုငွေ ၁၀ သန်း (မြန်မာကျပ်ငွေ ၁၄ ဒသမ ၅ ဘီလီယံ) လျာထားသတ်မှတ် အသုံးပြုလျက်နေတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

လာမယ့် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့ ပြည်ပလေ့လာသူတွေထဲက အမေရိကန် အခြေစိုက် ကာတာစင်တာနဲ့ ဥရောပသမဂ္ဂတို့ကို  မြန်မာအစိုးရက တရားဝင်ဖိတ်ကြား လက်ခံထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013